ပျူစောထီးအဖွဲ့ထဲ မဝင်လို့ ရွာမီးရှို့ခံရ

2022.04.27
ပျူစောထီးအဖွဲ့ထဲ မဝင်လို့ ရွာမီးရှို့ခံရ ပေါက်မြို့နယ် တောင်ဘက်ရွာအတွင်း မီးရှို့ခံရသည့်နေအိမ်များ။
Photo: Citizen Journalist

မကွေးတိုင်း ပေါက်မြို့နယ် တောင်ဘက်ရွာထဲကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေဝင်လာပြီး နေအိမ်တွေကို မီးရှို့သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ဒီရွာက ရွာသားတွေကို ပျူစောထီးအဖွဲ့ထဲဝင်ဖို့ စည်းရုံးတာတွေရှိနေပေမယ့် ရွာသားတွေက မဝင်တာကြောင့် ဒေသခံခုခံကာကွယ်ရေးတပ် PDF ရွာလို့ သတ်မှတ်ပြီး မီးရှို့ခံရတာလို့ ရွာသားတွေက ယူဆကြပါတယ်။

ဒီတစ်လတည်းမှာတင် နှစ်ကြိမ် မီးရှို့ခံရတာဖြစ်ပြီး၊ ဧပြီလ ၁ဝ ရက်နေ့က နေအိမ် ၁၁ လုံး၊ ဧပြီလ ၂၄ ရက်နေ့က နေအိမ် ၂၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်မီးရှို့ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက "ကျမတို့မှာ တအား ဒုက္ခရောက်နေတာရှင်။ ရွာကိုလည်း မနေရဲဘူး။ ရွာကနေအကုန်လုံး မောင်းထုတ်။ အကုန်လုံး ဒုက္ခ အကြီးအကျယ် ရောက်နေတာရှင့်။ အိမ်တွေ မီးကူးမှာဆိုးလို့ မီးသတ်မယ်ဆိုတာကို သူတို့က မသတ်ခိုင်းဘူးရှင့်" လို့ RFA ပြောပါတယ်။

ရွာထဲမှာရှိတဲ့ သစ်အိမ်၊ တိုက်အိမ်နဲ့ အိမ်ကြီးအိမ်ကောင်းတွေ အများဆုံး မီးရှို့ခံလိုက်ရပြီး ရွာသားတွေရဲ့ ကားတွေ၊ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ ကြက်၊ ဝက်တွေပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတောင်ဘက်ရွာဟာ အိမ်ခြေ ၂၄ဝ နဲ့ လူဦးရေ ၈ဝဝ ဝန်းကျင်ရှိပြီး တစ်ရွာလုံး တောထဲတောင်ထဲမှာ ထွက်ပြေးနေရလို့ စားဝတ်နေရေး အခက်အခဲ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ပျူစောထီးအဖွဲ့ထဲ မဝင်လို့ ရွာမီးရှို့ခံရတယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို RFA က မေးမြန်းဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ပျူစောထီးအဖွဲ့ဟာ သူတို့အဖွဲ့ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး၊ ပြည်သူ့စစ်အဖွဲ့ပဲ တရားဝင်ဖွဲ့ထားတာ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီပြည်သူ့စစ်အဖွဲ့ကိုတော့ လူအင်အား၊ လက်နက်အင်အား ပြည့်ပြည့်စုံစုံ ထောက်ပံ့ပေးမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။