ဘားအံအကျဉ်းထောင်က အကျဉ်းသား ၁၀၀ ထောင်ပြောင်းခံရ

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား အယောက် ၆၀ နဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျနေသူ ၄၀ ကို ဇူလိုင်လ ၉ ရက် ဒီနေ့မနက်အစောပိုင်းက ထောင်ပြောင်းရွှေ့လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

“မနက် ၃ နာရီ‌ ခေါ်နှိုးသွားတယ်တဲ့ ကလေးတွေကို။ ဟေ့ကောင်တွေ ထထ မင်းတို့ ထောင်ပြောင်းပါတယ်တဲ့။ ဘယ်ကိုပြောင်းမှာလဲဆိုတော့ ငါတို့လည်းမသိဘူးတဲ့။ ၁၅ မိနစ် အချိန်ပေးမယ် အထုတ်သိမ်းဆိုပြီး ထွက်သွားတာ။ အရေအတွက်က နိုင်ငံရေးအကျဉ်းသား ၆၀ ။ နောက်ပြီး ဆေးသမားတွေလည်း ခေါ်သွားတယ်တဲ့ ”

အားလုံးကို ပဲခူးတိုင်း၊ သာယာဝတီထောင် ပြောင်းရွှေ့လိုက်တာ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သူ့အနေနဲ့ အတည်မပြုနိုင်သေးဘူးလို့ ဘားအံအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။

အခုထောင်ပြောင်းသူတွေဟာ ထောင်လေးနှစ်အထက် ချခံထားရသူတွေဖြစ်ပြီး ဒီလို ထောင်ပြောင်းတာက မိသားစုတွေကိုပါ အပြစ်ပေးအရေးယူတဲ့ သဘောမျိုးဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပါတယ်။

“နိုင်/ကျဉ်းတွေမှ မဟုတ်ဘူး ဒါက မိသားစုကိုပါ အပြစ်ပေးအရေးယူတာ။ အလွန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်ပေါ့နော်။ တချို့ လင်မယားတွေဆို အမျိုးသမီးကို တစ်ထောင်ပို့တယ်။ အမျိုးသားကို တစ်ထောင်ပို့တယ်။ တစ်ထောင်ထဲမှာ နှစ်ယောက်ဆိုရင် ထောင်ဝင်စာက တစ်တွဲတည်း ပေးလို့ရတာပေါ့ ”

ထူးထူးခြားခြားအနေနဲ့ ဒီမနက် ခေါ်ထုတ်သွားတဲ့ အကျဉ်းသားတွေရဲ့ အမည်စာရင်းကို ဘားအံအကျဉ်းထောင် ရှေ့မှာ စာကပ်ပြီး ထုတ်ပြန်ထားတာတော့ တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကလည်း ဘားအံထောင်က သုံးဦး၊ ကျိုက်မ‌ရောထောင်က ကိုးဦး၊ မြဝတီထောင်ကနှစ်ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို သာယာဝတီထောင် ပြောင်းရွှေ့ခဲ့တယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

လက်ရှိ ဘားအံအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ သောက်ဖို့အတွက် မသန့်ရှင်းတဲ့ ရေတွေကိုသာ စီစဉ်ပေးထားတဲ့အတွက် ရေသန့်ဝယ်ယူ သောက်သုံး နေရတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဘားအံထောင်၊ ကြိုးကြာဆောင်က နိုင်ငံရေး အကျဉ်းသား နှစ်ဦး ထောင်ခြံစည်းရိုးကျော်ပြီး ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာကြောင့် အယောက် ၆၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရွှေ ကတော့ ဘားအံထောင်မှာ ဆူပူမှုမရှိသလို ပုံမှန်အခြေအနေသာ ဖြစ်တယ်လို့ ဇွန် ၈ ရက်နေ့မှာ ငြင်းဆိုထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော် အခု ဇူလိုင်လ ၈ ရက်နေ့အထိ မြန်မာ တစ်နိုင်ငံလုံးမှာ အဖမ်းခံခဲ့ရသူ ၁၄၀၀၀ (တစ်သောင်းလေးထောင်) ကျော် ရှိနေပြီး ၁၁၀၀၀ (တစ်သောင်းတစ်ထောင်) ကျော်ကတော့ လက်ရှိ အချိန်အထိ အဖမ်းခံထားရဆဲ ဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။