ဖားကန့်က အလွတ်သတင်းထောက် နှစ်ယောက် ထောင်တစ်နှစ်ခွဲစီ ချခံရ
ကချင်ပြည်နယ် ဖားကန့်မြို့ခံ အလွတ်သတင်းထောက် နှစ်ယောက်ကို စစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်ခွဲစီ ချလိုက်တယ်လို့ ဒေသခံ သတင်းသမားတွေက RFA ကိုပြောပါတယ်။
ကိုနောင်ရိုးနဲ့ ကိုဇော်ဝင်းမောင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅ဝ၅ (က) နဲ့ ထောင်ဒဏ်တွေ ချလိုက်တာ ဖြစ်ပါတယ်။
"ကိုနောင်ရိုးကတော့ သတင်းတိုက်တွေမှာ လုပ်နေတဲ့သူ တစ်ယောက်ပါ၊ ကိုဇော်ဝင်းမောင်ကတော့ NLD ပြန်ကြားရေးဆိုလည်း ဟုတ်တယ်၊ သတင်းရှိတိုင်းလည်း လိုက်ရိုက်ပြီး ပုံတွေဆိုလည်း သတင်းတိုက်တွေကို ကူညီပို့ပေးနေတာ အလွတ်သတင်းထောက်လိုပါပဲ" လို့ ဒေသခံ သတင်းထောက် တစ်ဦးက RFA ကိုပြောပါတယ်။
ကိုနောင်ရိုးဟာ ၂၀၂၁ ခုနှစ် ဧပြီလမှာ ဖားကန့်မြို့ ပန်းပင်တံတားထိပ် ဆန္ဒပြပွဲ သတင်းဓာတ်ပုံ ရိုက်နေချိန် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ကိုဇော်ဝင်းမောင်ကတော့ မေလထဲမှာ လုံးခင်းညသပိတ်အတွင်း ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဒီမတ်လထဲမှာပဲ ဖမ်းဆီးခံထားရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာ ကိုဟံသာညိန်း၊ မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာ ကိုသန်းထိုက်အောင်၊မြန်မာသံတော်ဆင့် သတင်းထောက် ကိုရဲရင့်ထွန်းနဲ့ Mandalay Free Press (MFP) သတင်းဌာနက ကိုအောင်ဇော်ဇော် တို့ကိုလည်း စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း Karen Information Center (KIC) သတင်းဌာနရဲ့ မြဝတီမြို့ခံ သတင်းထောက် ကိုနေနော် အဖမ်းခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား အယောက် ၁၀၈ ထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တချို့ ပြန်လွတ်သလို တချို့က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေကို စစ်ကောင်စီက ဖမ်းဆီး ထောင်ဒဏ်ချမှတ်နေတာတွေ ရပ်တန့်ဖို့ နယူးယောက် အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က တောင်းဆိုထားပါတယ်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ရဲ့စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းထောက် ၅၇ ဦးရှိပြီး သတင်းထောက်သုံးဦး သေဆုံးခဲ့ရပါတယ်။