ဖားကန့်မှာနွံကန်ပြိုကျပြီးနောက် ကုမ္ပဏီလုပ်ကွက်ရှစ်ခုကို လုပ်ပိုင်ခွင့်ရပ်ဆိုင်း


2019.04.29
hpakant-622.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မော်မောင်းမှော် နွံကန်ပြိုကျပြီးနောက် ကုမ္ပဏီ ၁၁ ခုက လုပ်ကွက် ရှစ်ခုကို လုပ်ပိုင်ခွင့် ရပ်ဆိုင်းလိုက်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

မော်မောင်းမှော်နွံကန် ပြိုကျတာကြောင့် လူဦးရေ ၅၀ ကျော် သေဆုံးခဲ့ပြီးနောက် အစိုးရစစ်ဆေးရေးအဖွဲ့တွေဟာ ဘေးအန္တရာယ်ရှိတဲ့ ကုမ္ပဏီလုပ်ကွက်တွေကို ရှာဖွေပြီး လုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်တာလို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

အန္တရာယ်ကင်းရှင်းတဲ့ အခြေအနေမျိုးရောက်မှ လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့် ပြုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မော်မောင်းမှော်နွံကန်ဟာ အခုလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ ပြိုကျပြီး သေဆုံးသူ ၅၅ ဦးရှိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ မော်မောင်းမှော်အနီးနားက လုပ်ကွက်တစ်ခုမှာ မြေပြိုကျမှုကြောင့် ဝန်ထမ်း နှစ်ဦး သေဆုံးခဲ့သလို နောက်ရက်မှာ လုံးခင်းဘက်မှာလည်း မြေပြိုကျမှုကြောင့် တစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

အခုလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ နှစ်ရက်အတွင်း လူ ၅၈ ဦးအထိ သေဆုံးခဲ့ပြီး အလောင်းပြန်ရှာဖွေတွေ့တာ ခြောက်လောင်းသာရှိပါတယ်။

လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်သူတွေပါ အန္တရာယ်ရှိလာတဲ့အတွက် အလောင်း ရှာဖွေတာတွေကို ရပ်နားလိုက်ပြီလို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ခွင့်ရထားတဲ့ ကုမ္ပဏီ ၂၂ ခုရှိပြီး တရားဝင်လုပ်ကွက်ဟာ ၁၀၀၀ ကျော် ရှိတာဖြစ်ပါတယ်။

လုပ်ကွက်တွေ ရပ်နားလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

နေ့ချင်းညချင်းအန္တရာယ်ကြုံတွေ့နိုင်တယ်လို့ ယူဆရတဲ့ ကုမ္ပဏီတွေက လုပ်ကွက်တွေကို ကျောက်စိမ်းတူး ဖော်ခွင့် ရပ်နားခိုင်းတာတွေ ပြည်ထောင်စုအစိုးရအဆင့်ကနေ တိုက်ရိုက်ဆောင်ရွက်နေတာလို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့ကအထိ ကုမ္ပဏီ ၁၁ ခုက လုပ်ကွက် ရှစ်ခုကို ကျောက်စိမ်းတူးဖော်ခွင့် ရပ်နားခိုင်းထားပြီးဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

"ဘေးအန္တရာယ်ရှိတဲ့ ကုမ္ပဏီတွေ တားမြစ်ထားတဲ့ သဘောမျိုးပေါ့။ ကုမ္ပဏီက ၁၁ ခုပေါ့ လုပ်ကွက် ရှစ်ကွက်လို့ ကြားတယ်။ နေ့တိုင်း ကျနော်တို့က ကွင်းဆင်းခိုင်းတယ်။ နေ့ချင်းညချင်းအားချင်း အန္တရာယ်ရှိနိုင်တဲ့ ကုမ္ပဏီမှန်သမျှကို ရပ်ဆိုင်းခိုင်းတဲ့ သဘောပါ။ ကျင်းလုပ်နေတဲ့ဘေးမှာ နွံကန်တွေရှိတယ်။ မြေစာပုံကြီးတွေ ရှိနေတယ်ဆိုရင် အဲဒါက အက်ကြောင်းတွေရှိနေရင် နယ်စပ်ဝန်ထမ်းတွေကို ပြည်ထောင်စုက အထက်ကို စာတင်စရာမလိုဘဲ ချက်ချင်းရပ်ခိုင်းဖို့ ပါဝါပေးထားတယ်ပြောတယ်"

အန္တရာယ်ကင်းရှင်းတဲ့ အခြေအနေမျိုးရောက်မှ လုပ်ငန်းပြန်လည်လုပ်ကိုင်ခွင့်ပြုသွားမှာ ဖြစ်လို့ ဘယ်ကာ လကနေ ဘယ်ကာလအထိ ရပ်နားရမယ်ဆိုပြီး အချိန်သတ်မှတ်ထားတာမရှိပါဘူး။

လုပ်ကွက်တွေ ရပ်နားလိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ရပ်နားခိုင်းထားတဲ့ လုပ်ကွက်တွေအနေနဲ့ စည်းကမ်းမလိုက်နာဘဲ ကျောက်မျက်တူးဖော်မယ်ဆိုရင် နောက်ပိုင်း သက်တမ်းတိုး ပြန်လျှောက်တဲ့အခါ လုပ်ကွက်မချပေးတာမျိုး ဖြစ်လာနိုင်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဖားကန့်မြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖုန်ဂမ်ရိန်က နွံကန်ကျိုးပေါက်တာတွေရှိပေမယ့် ကျောက်စိမ်းတူးဖော်ရေးလုပ်နေသူတွေကလည်း ဆက်လုပ်နေကြတာတွေရှိတယ်လို့ ပြောပါတယ်။

"ရပ်ဆိုင်းထားတာတော့ ကျောက်စိမ်းတူးဖော်ရေးဌာနကို မေးကြည့်မှပဲ။ နည်းတော့မနည်းနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ နွံကန်ကျိုးပေါက်တာကလည်း အရင်တုန်းကလည်း ရှိခဲ့ဘူးတယ် ပြောတယ်။ အရင်တုန်းကရှိခဲ့လည်း အခုလုပ်သားအင်အားက လျော့မှလျော့မသွားတာ။ အခုဖြစ်နေလည်း အရင်လုပ်နေ ကြအတိုင်း ဆက်လုပ်နေကြဦးမှာပဲ"

လတ်တလောမှာ ကျိုးပေါက်သွားတဲ့ မော်မောင်းမှော်ထဲက နွံတွေကို ဆယ်ထုတ်ဖို့ လိုအပ်နေပြီး မဆယ် ထုတ်ရင် တခြားနေရာတွေမှာ နွံတွေရောက်ပြီး အန္တရာယ်ရှိနိုင်တယ်လို့ ပြောကြပါတယ်။

လက်ရှိမှာတော့ လမ်းပြိုတာတွေကြောင့် မော်မောင်းမှော် တဝိုက်အပြင် လုံးခင်းမြို့နယ်အတွင်းက ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတချို့လည်း ကျောက်စိမ်းတူးဖော်မှုတွေ ရပ်နားထားရတယ်လို့ ဒေသခံ ဦးမောင်စိန်လုံးက ပြောပါတယ်။

"လောလောဆယ် ကျနော်တို့နားတယ်။ လမ်းပြိုလို့ဆိုပြီး ကျနော်တို့က လုံးခင်းဘက်ဗျ။ ကျနော်တို့က ယူနတီဗျ။ ကျနော်တို့က အလုပ်သိမ်းသွားပြီ။ အရင်တုန်းကလည်း အဲနေရာက ပြိုတာရှိတယ်လေ။ အောက်ဘက် ကျင်းဘက်ကို ပြိုကျသွားတာရှိတာပေါ့။ တော်တော်ဆိုးသွားပြီ။ လမ်းကို ကားတစ်စီးစာလောက်ပဲ ကျန်တော့တာ။ ပြန်ကြမှာ။ စာရင်းတော့ မရှင်းရသေးဘူး။ လကုန်မှရှင်းရမှာ"

မော်မောင်းမှော်နွံကန်ဟာ အခုလ ၂၃ ရက်နေ့ မနက်အစောပိုင်းမှာ ပြိုကျပြီး သေဆုံးသူ ၅၅ ဦးရှိခဲ့ပါတယ်။ အဲဒီနေ့မှာပဲ မော်မောင်းမှော်အနီးနားက လုပ်ကွက်တစ်ခုမှာ မြေပြိုကျမှုကြောင့် ဝန်ထမ်း နှစ်ဦးသေဆုံးခဲ့သလို နောက်ရက်မှာ လုံးခင်းဘက်မှာလည်း မြေပြိုကျမှုကြောင့် တစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

အခုလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့ နှစ်ရက်အတွင်း လူ ၅၈ ဦးအထိ သေဆုံးခဲ့ပြီး အလောင်းပြန်ရှာဖွေတွေ့တာ ခြောက်လောင်းသာရှိပါတယ်။

လက်ရှိမှာတော့ အလောင်းရှာဖွေတာတွေကို ရပ်နားလိုက်ပြီလို့ အဲဒီလုပ်ကွက်တွေကို ကွင်းဆင်းကြည့်ရှုနေတဲ့ ဖားကန့်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး ကပြောပါတယ်။

"ရှာဖွေကယ်ဆယ်ရေးအစီစဉ်ကတော့ ရပ်နားထားလိုက်ပြီဗျ။ အဲဒီအလောင်းတွေကိုသာ ရှာဖွေကယ်ဆယ်ရေး လုပ်ရမယ်ဆိုရင် နောက်ထပ် ရှာဖွေကယ်ဆယ်မှုလုပ်တဲ့သူတွေရဲ့ အသက်အန္တရာယ်က လုံးဝလုံခြုံစိတ်ချမှုမရှိတဲ့ အနေအထားဖြစ်သွားပြီ။ နွံကန်ကြီးပေါက်ကျသွားပြီးမှ အခုသေဆုံးသွားတဲ့သူတွေ ယန္တရားတွေဟာ ဟိုးအောက် အနက်ပေရာချီလောက်မှာ ရှိနေတာ။ နွံကန်ဆိုတာ မြေစာတွေနဲ့ ရေနဲ့ရောပြီး နွံဖြစ်နေတာလေ။ မြေစာလိုမျိုး ကျုံးရတာ မလွယ်ဘူး။ သွားကျုံးမယ်ဆိုလည်း ဘတ်ဟိုးတွေဝင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး ဖြစ်နေတယ်"

သေဆုံးသွားသူတွေအတွက် သက်ဆိုင်ကုမ္ပဏီက တစ်ဦးကို ငွေကျပ်သိန်း သုံးရာထောက်ပံ့ပေးခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ခွင့်ရထားတဲ့ ကုမ္ပဏီ ၂၂ ခုရှိပြီး တရားဝင်လုပ်ကွက်ဟာ ၁၀၀၀ ကျော် ရှိတာဖြစ်ပါတယ်။

မိုးရာသီရောက်ခါနီးပြီဖြစ်တာကြောင့် မြေပြိုတာတွေ၊ နွံကန်ကျိုးပေါက်တာတွေ အဖြစ်များလာနိုင်တဲ့အတွက် ကျောက်မျက်ဦးစီးဌာနက တာဝန်ရှိသူတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ လုပ်ကွက်ကြီးကြပ်ရေးကော်မတီအနေနဲ့လည်း လိုက်လံစိစစ်နေတယ်လို့ သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။