ဖားကန့်ဒေသ တရားမဝင် ကျောက်စိမ်းတူးမှု ပိုများလာ

2021.12.21
ဖားကန့်ဒေသ တရားမဝင် ကျောက်စိမ်းတူးမှု ပိုများလာ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများ လုပ်ကိုင်နေတာကို တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ဖားကန့်ဒေသကို စစ်ကောင်စီက အင်တာနက် ဖြတ်တောက်ထားတာ အချိန် လေးလ ရှိလာပါပြီ။ ဒီအတောအတွင်းမှာပဲ စက်တင်ဘာလ လောက်ကစပြီး တရားမဝင် ကျောက်စိမ်းတူဖော်မှုတွေက သိသိသာသာ များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ရောဂါဖြစ်ပွားချိန် ၂၀၁၉ ခုနှစ် ကတည်း က ဖားကန့်မှာ ကျောက်တူးဖော်မှုတွေကို NLD အစိုးရလက်ထက်က ပိတ်ပင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ကျောက်စိမ်း တူးဖော်မှုတွေ ပြန်ရှိလာပါတယ်။ စစ်ကောင်စီရဲ့ ခွင့်ပြုချက်နဲ့ တူးတာ ဟုတ်၊ မဟုတ်တော့ မသိရပါဘူး။ တရားမဝင် တူးဖော်ကြတဲ့အတွက် နေ့အချိန်မှာ မတူးဘဲ ညအချိန်မှာပဲ တူးကြတယ်လို့ဆိုပါတယ်။

စက်ယန္တရားကြီးတွေ အမြောက်အမြားသုံးပြီး တူးဖော်ကြတဲ့အတွက် ကျောက်စိမ်းကြော ကောင်းတဲ့ အချို့ တောင်ကုန်းတွေဆို လပိုင်းမှာ ပျောက်ကွယ်သွားနိုင်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဖားကန့် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

“ညဘက်ဆို တော်တော်ဆိုးတယ် တူးကြတဲ့အခါမှာမှ YTT ကုန်းတို့ ဘာတို့ပေါ့ဗျာ မက်လင်ဂျောင်ဘက်တို့ အရင်ကလည်း တော်တော်တန်တဲ့ကျောက်တွေ ထွက်ဖူးတယ် အဲဘက်က၊ အဲကုန်းဆိုရင် အဓိက နာမည် ကြီးတာပေါ့ဗျာ၊ အဓိက ဝိုင်းဖြိုကြတာပေါ့၊ သိပ်တောင် မကြာလောက်ဘူးပေါ့ ခန်းမှန်းကြတာဆိုရင် တအားကြီး တော်တော်ကြီးကို အားစိုက်ပြီးတူးနေကြတော့လေ အရင်တုန်းကတော့ ဘာပဲဖြစ်ဖြစ်တာ စောင့်ကြည့် ထိန်းကြောင်းမှုတွေ ရှိကြသေးတယ်လေနော်၊ အခုကြတော့ ဘယ်သူမှ မပြောရဲ မဆိုရဲဆိုတဲ့ အနေအထားတွေလည်း ဖြစ်သွားတော့ ပိုးဆိုးသွားတာပေါ့ကွာ၊ အရင်ကတည်းနဲ့က ဥပဒေစိုးမိုးမှုက မရှိတဲ့ အချိန် အခုကဥပဒေကို မရှိဘူးဆိုတဲ့ အနေအထား ဖြစ်သွားတော့တာပေါ့”

၂၀၂၁ ခုနှစ် ၇ လပိုင်းအထိ သက်တမ်းရှိနေသေးတဲ့ ပုဂ္ဂလိက ကျောက်စိမ်းလုပ်ကွက်က ၁၈၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒီလုပ်ငန်းတွေကို စစ်ကောင်စီက သက်တမ်း တိုးပေးတယ်ဆိုတာလည်း မကြားမိသေးတဲ့အတွက် အခုဖားကန့်မှာ တူးဖော်နေကြတာက တရားမဝင်ခိုးတူးတာ၊ ဒါမှမဟုတ် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး လုပ်နေကြတာပဲဖြစ်မယ်လို့ ဦးအောင်ဟိန်းမင်းက ပြောပါတယ်။ အခု ဖားကန့်မှာ တူးဖော် နေတာတွေက စက်ယန္တရားကြီးတွေ ပါဝင်သလို တပိုင်တနိုင်သမားတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

နိုဝင်ဘာလလတုန်းက ဖားကန့်ဒေသမှာ KIA ကချင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းထန် ခဲ့ပေမယ့် ကျောက်စိမ်းတူးဖော်မှုတွေကတော့ မရပ်မနား ဆက်ရှိနေပါတယ်။

"အဓိကကတော့ ဖားပြင်တဘက်ကမ်း YTT တို့ မှာတော့ အကြီးအကျယ် တူးအဖြစ်ဆုံးပဲ။"

မှော်မုံ၊ ဖားပြင်စတဲ့ ကျောက်မှော်ဘက်တွေမှာ ကျောက်တူးဖော်မှုတွေ များတဲ့အတွက် ညအချိန် လောင်း ကစားဝိုင်းတွေ KTV တွေပါရှိပြီး တော်တော် စည်းကားတယ်လို့ ဖားကန့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူ ဦးနောင်လတ်က ဆိုပါတယ်။

“ညတိုင်း တူးဖော်တာတော့ရှိတယ် တချို့က နေ့တွေမှာလည်း တူးဖော်တာတော့ ရှိတာပေါ့။ အဓိက ကတော့ ဖားပြင်တစ်ဖက်ကမ်း YTT တို့ မှာတော့ အကြီးအကျယ် တူးအဖြစ်ဆုံးပဲ။ ဆန်ခါတို့ တခြား မှော်တွေတော့ အဲလောက်ကြီးတော့ မဟုတ်ဘူး။ တူးတာတော့ တူးနေကြပါတယ်။ ပိုပြီးအားထည့်တာက ဆန်းကြွမ် ဖားပြင်တဘက်ကမ်းရဲ့ အနောက်က ဒီ YTT လုပ်ကွက်မှာတွေတော့ ရာချီ ပြီးတော့ စက်ယန္တရား အသုံးပြုပြီး တူနေတာတွေတော့ရှိတယ်”

ကျောက်တူးဖော်မှုတွေ ရှိနေပေမယ့် အင်တာနက် ဖြတ်ခံထားရတာနဲ့ တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်ထား တဲ့အတွက် အရောင်းအဝယ်က အရင်လိုတော့ မကောင်းဘူးလို့ ဆိုပါတယ်။တချို့က အင်တာနက်လိုင်းရတဲ့ မိုးကောင်းမြို့ကိုသွားပြီး တရုတ် လူမှုဆက်သွယ်ရေးကွန်ယက် တစ်ခုဖြစ်တဲ့ wechat ကနေ ရောင်းကြ တာတွေ ရှိတယ်လို့လည်း ဦးနောင်လတ်က ပြောပါတယ်။

jade mining- hpakant
(ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ညအချိန် ကျောက်စိမ်းတူးဖော်မှု လုပ်ကိုင်နေကြတာကို တွေ့ရစဉ်) Photo: CJ

ကပ်ရောဂါကြောင့်ရော၊ အာဏာသိမ်းတာကြောင့်ရော မန္တလေးမြို့က ကျောက်စိမ်းဈေးကွက်လည်း အေးနေ တယ်လို့ မန္တလေးက ကျောက်အရောင်းအဝယ်သမား ဦးမောင်က ပြောပါတယ်။

“အရောင်းအဝယ်ကတော့ မသွက်ဘူး အရောင်းအဝယ်ပါးတယ်။ အရောင်းအဝယ်တွေက တုံးကြီးပိုင်းတွေ သိပ်မဖြစ်ဘူး သေးသေး ကွေးကွေးလေးတွေ အသားမြင့်တာတွေပဲ ဖြစ်တာပေါ့။ ကျွန်တော်တို့ ပြောရမယ် ဆိုရင် အရင်ကလောက်ဆိုရင်တော့ တစ်ရက်ကို သုံးလေးစုံပေါ့ အဲလိုတော့တည့်တာပေါ့။ အခုက လေး ငါးရက်နေမှ တစ်စုံတို့ ၁၀ ရက်လောက်နေမှ တစ်တုံးတို့ အဲလိုလောက်ပဲတည့်တော့တယ်”

ကချင်ပြည်နယ်မှာ အဏာသိမ်းပြီးနောက်ပိုင်း သယံဇာတတွေကို တရားမဝင် တူးဖော်လာတာဟာ ကျောက်စိမ်း တစ်ခုတည်းတော့ မဟုတ်ပါဘူး။ ရွှေနဲ့ မြေရှားသတ္တု တူးဖော်မှုတွေလည်း အများအပြား ရှိနေပါတယ်။

ကျောက်မျက်ရတနာ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ဥပဒေနဲ့အညီ လုပ်ကိုင်နိုင်ရေး အုပ်ချုပ်သူ အဆက်ဆက်က မစီစဉ်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့်လည်း ကချင်ပြည်နယ်အတွင်း တရားမဝင် သယံဇာတ တူးဖော်မှုတွေက ခေတ်အဆက်ဆက် ရှိနေတာပါ။ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ တရားမဝင် တူးဖော်မှုတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ရှိလာနေတာကြောင့် ကချင်ဒေသအတွင်း ပျက်စီးဆုံးရှုံးမှုတွေ ပိုများလာမယ့်အရေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကရော ဒေသခံ ကချင်လူမျိုးတွေကပါ စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။