ကပ်ရောဂါကာလအတွင်း KIA အခွန်ကြောင့် ဒေသခံတွေအခက်ကြုံ

စောဖိုးခွား
2020.08.06

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခု ရက်ပိုင်းအတွင်း အခွန်ငွေတွေ ကောက်ခံနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

KIA က နှစ်စဉ် အခွန်ငွေကောက်ခံတာ ဖြစ်ပေမယ့် အခုနှစ်ဟာ Covid-19 ကပ်ရောဂါကြောင့် အလုပ်အကိုင်တွေ မကောင်းတဲ့အချိန်မို့ အခက်အခဲ ဖြစ်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့က ရိုးရိုး ဆိုင်အသေးစား အလတ်စားတွေဆိုရင် လေးသိန်းကနေ ဆယ်သိန်းကြား၊ ဆိုင်အကြီးတွေဆိုရင် ဆယ်သိန်း သိန်းနှစ်ဆယ် ဆိုပြီးကောက်တယ်။ ကျောက်ဝယ်ရောင်းသမား အကြီးစားတွေ လောပန်းတွေဆိုရင် သိန်းလေးငါးဆယ်ကောက်တယ်။ အခုက ကိုဗစ်ကာလဆိုတော့ ဆိုင်တွေက ပိတ်တဲ့ဆိုင်ပိတ်၊ ဖားကန့် အဝင်အထွက်ကိုလည်း ပိတ်ထားတော့ အဆင်မပြေဘူး။ ဒီကာလအတွင်းမှာ ပြည်ထောင်စု အစိုးရကတောင် အခွန်တွေလျှော့ပေး၊ ဆင်းရဲတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ ပေးနေတဲ့အချိန် သူတို့လည်း ဒီကာလမှာ နည်းနည်းတော့ ရှောင်သင့်တာပေါ့"

အခွန်ငွေ ပေးဆောင်ရတဲ့သူ တော်တော်များများကို RFA က ဆက်သွယ်မေးမြန်းရာမှာ... လုံခြုံရေး စိုးရိမ်ရတာကြောင့် ဖြေဖို့ ငြင်းဆန်ကြသလို ဖြေဆိုတဲ့သူတွေကလည်း သူတို့ရဲ့မူရင်းအသံကို မသုံးဖို့ တောင်းဆိုကြပါတယ်။

ဖားကန့်ဒေသဟာ အစိုးရတပ်မတော်ရော KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ပါ လှုပ်ရှားနေတဲ့ဒေသ ဖြစ်ပါတယ်။ ဒေသခံတွေဟာ KIA တပ်ဖွဲ့က ချိန်းဆိုတဲ့နေရာကိုသွားပြီး အခွန်ငွေ ပေးဆောင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ဒေသခံတစ်ဦးကလည်း RFA ကို ပြောပါတယ်။

"သူတို့က ဖုန်းနံပါတ်ပါတဲ့ အကြောင်းကြားစာတွေကို သူတို့ကိုယ်စားလှယ်တွေ ကိုယ်တိုင် လာပို့တယ်။ အကြောင်းကြားစာမှာပါတဲ့ ဖုန်းကို ကျနော်တို့ကို ဆက်ခိုင်းပြီး သူတို့ချိန်းတဲ့နေရာကို ကျနော်တို့က သွားရတယ်။ အခွန်တောင်းတဲ့ပမာဏက ပုံမှန်အားဖြင့် အများကြီး တောင်းလေ့ရှိတယ်"

ဒီလို အခွန်ငွေကောက်ခံတာကို မပေးဘဲထားရင်၊ ဒါမှမဟုတ် တိုင်ကြားရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဒေသလုံခြုံရေး ရဲတပ်ဖွဲ့ကို မတိုင်ရဲဘူးလို့လည်း အဲ့ဒီဒေသခံက ပြောပါတယ်။ ဖားကန့်မြို့နယ်မှူး ရဲမှူးတင်ထွေးကလည်း... အခွန် အတောင်းခံရတယ်ဆိုပြီး လာရောက် တိုင်ကြားတာမျိုး မရှိဘူးလို့ ပြောပါတယ်။

"ကျနော်တို့ကတော့ လာတိုင်ရင် ဆောင်ရွက်ပေးမယ်။ လာမတိုင်ရင် မတိုင်ဘူးပေါ့၊ ဒါပါပဲ။ ကျနော်တို့သိရင် ဖွင့်မယ် ဥပဒေ လမ်းကြောင်းပေါ်ကတော့ ဥပဒေနဲ့မညီရင် ကျနော်တို့က အကုန်တင်မှာပါ"

ဒီလိုအခွန်ငွေကောက်တာဟာ ဆက်ကြေးကောက်တာလို့ပဲ ဖားကန့်ဒေသခံတွေက သတ်မှတ်ထားကြပါတယ်။ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့...  ဆက်ကြေးကောက်တာ မဟုတ်ဘူး၊ အခွန်ကောက်တာသာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော်တို့က ဆက်ကြေးကောက်တာမဟုတ်ဘူး။ တကယ့် အခွန်ကောက်တာပါ။ ကျနော်တို့ အဖွဲ့အစည်းအတွက် ကောက်တာပါ။ ပြည်သူလူထုနဲ့ အဆင်ပြေအောင် ကောက်ဖို့ပဲ ပြောထားတာရှိပါတယ်။ ခြိမ်းခြောက်တာတွေ ညာတာတွေ မလုပ်ဖို့တော့ ပြောထားတာ ရှိပါတယ်"

ဖားကန့်ဒေသခံတွေကတော့ အစိုးရကိုရော KIA တပ်ဖွဲ့ကိုပါ အခွန်နှစ်ခု ပေးနေရတယ်လို့ ယူဆနေကြတာပါ။ ဒီလို နှစ်ဘက်လုံးကို အခွန်ပေးဆောင်နေရတာဟာ ငြိမ်းချမ်းရေး မရနိုင်တာကြောင့်ဖြစ်တယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဦးဒါရှီလဆိုင်းက သုံးသပ်ပါတယ်။

"ငြိမ်းချမ်းရေး ရသွားရင်တော့ တပ်မတော်လည်း တစ်ခုတည်း ဖြစ်သွားမယ်။ တပ်မတော်ကလည်း အစိုးရအောက်မှာ ရောက်သွားမယ်ဆိုရင်တော့ အခွန်ကို နိုင်ငံတော်အစိုးရ ကောက်တာကလွဲပြီးတော့ တခြား ပေးစရာ မရှိတော့ဘူးပေါ့ဗျာ။ အခု အနေအထားမှာကျတော့... ကရင်မှာလည်း ကရင်လက်နက်ကိုင်က ကောက်မှာပဲ၊ ရှမ်းမှာလည်း ရှမ်းလက်နက်ကိုင်တွေက ကောက်မှာပဲ။ သူတို့ လက်နက်ကိုင်အစုအဖွဲ့ ရှိတဲ့နေရာမှာတော့ ကောက်ကြမှာပဲ"


ကချင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့  KIA တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေကစပြီး ဒေသခံပြည်သူတွေဟာ ဆက်ကြေး အခွန်ပေးဆောင်ရတာ တပ်သားသစ် စုဆောင်းခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံရတာနဲ့ ပေါ်တာဆွဲခံရတာတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ခံစားနေကြရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။