စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းစာမှာ လက်မှတ်ထိုးခဲ့တဲ့အတွက် HRW တောင်းပန်

2022.08.13
စစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းစာမှာ လက်မှတ်ထိုးခဲ့တဲ့အတွက် HRW တောင်းပန် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၇၂ ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနားမှာ တွေ့ရစဉ်
Photo: REUTERS

ပြီးခဲ့တဲ့ အပတ်က နိုင်ငံတကာ NGO အဖွဲ့အစည်းအချို့ စုပေါင်းပြီး မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်အတွက် မြန်မာစစ်ခေါင်းဆောင်ဆီကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာတစ်စောင်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းထားတဲ့ Prime Minister ဆိုတဲ့ အသုံးအနှုန်းနဲ့ လူကြီးမင်း Your Excellency ဆိုတဲ့ အသုံးအနှုန်းတွေ ပါဝင်နေတဲ့ အတွက် တောင်းပန်ကြောင်း ဒီစာမှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့တွေထဲက တစ်ဖွဲ့ ဖြစ်တဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ HRW က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံက ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်ကိုမြှင့်တင်ပေးဖို့ မြန်မာ စစ်ခေါင်းဆောင်ကို စုပေါင်းတောင်းဆိုထားတဲ့ သြဂုတ်လ ၁၁ ရက် ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ မှာ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ (Amnesty International)၊ Save the children နဲ့ World Vision International တို့အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၂ ခုက ပါဝင်လက်မှတ်ရေးထိုး ထောက်ခံထားခဲ့တာပါ။

ဒီစာကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံလုံးဆီကို ပေးပို့ခဲ့ပြီးတဲ့နောက်၊ နိုင်ငံတကာ တက်ကြွလှုပ်ရှားသူတွေဆီက ဝေဖန်ကန့်ကွက်မှုတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒါဟာ စီမံ ခန့်ခွဲမှု အမှားတစ်ခုသာဖြစ်ပြီး၊ HRW အဖွဲ့က စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုတဲ့ သဘောမဟုတ်ကြောင်း HRW က တွစ်တာမှာ မနေ့က ရေးသားထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ့အရေး လုပ်ဆောင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ စုစည်းထားတဲ့ Progressive voice အဖွဲ့ကတည်း ဒီစာထဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံအစိုးရရဲ့ ဝန်ကြီးချုပ်၊ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး စသည်ဖြင့် ရေးသားဖော်ပြထားတာတွေဟာ စစ်တပ်က တရားမဝင် အာဏာသိမ်းထားတာကို ဆန့်ကျင်ဖို့ မြန်မာပြည်သူတွေရဲ့ အနစ်နာခံမှုတွေကို စော်ကားရာ ရောက်တယ်လို့ ကြေငြာချက် ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။