ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးကို သေဒဏ်စီရင်လိုက်တာဟာ အလွန်ရက်စက် ကြမ်းကြုတ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က ဇူလိုင်လ ၂၅ ရက် ဒီနေ့မှာပဲ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
ဒီလိုဆိုးဝါးတဲ့ သတင်းနဲ့ ပတ်သက်လို့ မိသားစုကို အသိပေးဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ HRW ရဲ့ ခေတ္တ အာရှ ညွှန်ကြားရေးမှူး Elaine Pearson က ပြောကြောင်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဒဏ်စီရင်ခံရသူတွေရဲ့ မိသားစုဝင်တွေဟာ ဒီစီရင်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီ ထိန်းချုပ် ထားတဲ့ သတင်းမီဒီယာတွေကနေ ကြေညာမှသာ သိခဲ့ရတာပါ။
စစ်ကောင်စီအနေနဲ့ ဒီလို အကြင်နာတရားကင်းမဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်အာဏာ သိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို လျော့နည်းအေးစက်သွားအောင် ရည်ရွယ်ပြီး လူ့အသက် တွေကို လျစ်လျူရှုနေတယ်လို့လည်း HRW က ဝေဖန်ထားပါတယ်။
ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံနဲ့ တခြားသောနိုင်ငံတွေက အစိုးရတွေအနေနဲ့ နိုင်ငံရေးအကျဉ်း သားတွေအားလုံး လွတ်မြောက်ရေးအပါအဝင် ချက်ချင်းလက်ငင်း စီမံဆောင်ရွက်ရမယ့်ကိစ္စတွေ ကို တောင်းဆိုသင့်သလို စစ်ကောင်စီအနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အတွက် အကျိုးဆက်တွေကို ပြန်လည်ခံစားရမယ်ဆိုတာကိုလည်း သိလာဖို့ ဆောင်ရွက်သင့် တယ်လို့ HRW က ဆိုပါတယ်။
အခုလို သေဒဏ်စီရင်မှုဟာ နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင် တွေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွပ်မျက်ခဲ့တဲ့အပေါ် ရှုတ်ချသလို မြန်မာပြည်သူတွေနဲ့အတူ ပူဆွေးသောကရောက်ရကြောင်းနဲ့ ကျန်ရစ်တဲ့မိသားစု တွေနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ထားပါတယ်။