မြန်မာ့လူ့အခွင့်ကိစ္စ ဖိအားပေးဖို့ ဂျွန်ကယ်ရီကို တိုက်တွန်း


2014.08.07
john-kerry-305.jpg အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို တွေ့ရစဉ်
Photo: U.S. Embassy Rangoon

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry အနေ နဲ့ မြန်မာနိုင်ငံက ဆိုးဝါးလာတဲ့ လူ့အခွင့် အရေးအခြေ အနေတွေနဲ့ ပတ်သက်ပြီး ခရီးစဉ်အတွင်း မြန်မာအစိုးရ ကို ဖိအားပေးပြောကြားသင့်တယ်လို့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုတွေဟာ အခုအခါမှာ နှောင့်နှေးလာတာ ၊ နောက်ကြောင်းပြန်လှည့်လာတာတွေ အများ အပြားတွေ့ရကြောင်း၊ ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား အရေအတွက်တိုးပွားလာတာ၊ ငြိမ်းချမ်းစွာဆန္ဒပြသူတွေ နဲ့ စာနယ်ဇင်း မီဒီယာသမားတွေကို ဖိနှိပ်မှုများပြားလာ တာတွေ ပါဝင်သလို၊ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်း လဲမှုတွေမှာလည်း တိုးတက်မှု အနည်းငယ်သာရှိခဲ့တယ် လို့ HRW အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

တချိန်ထဲမှာလည်း ရှမ်းပြည်နယ်အလယ်ပိုင်းမှာ အစိုးရတပ်တွေ တိုးမြင့်တပ်စွဲလာတာ၊ တိုက်ပွဲတွေဖြစ်လာ တာတွေကြောင့် ဒေသခံတွေ လုံခြုံမှုကင်းမဲ့လာတာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်လာနိုင်စရာရှိတာတွေကို သမ္မတဦးသိန်းစိန်ကို ဖိအားပေးပြောကြားပေးဖို့ ထိုင်းမြန်မာနယ်စပ် ရှမ်းလူမှုအခြေပြု အဖွဲ့အစည်း ၁၄ ဖွဲ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို ပန်ကြားတဲ့ အိတ်ဖွင့်စာတစ်စာင်ကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ဒီကနေ့ မနက် ၉ နာရီခွဲက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးက အရာရှိထံ သွားရောက်ပေးအပ်ခဲ့ကြပါတယ်။ ဒီစာမှာ မြန်မာအစိုးရတပ်တွေ တိုင်းရင်းသားတွေအပေါ် ထိုးစစ်ဆင်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့လည်း အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်နေမှုတွေကိုပါ ရပ်ဆိုင်းဖို့လိုကြောင်း ဒီကနေ့ အိတ်ဖွင့်ပေးစာမှာ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းတွေက တိုက်တွန်းတောင်းဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။