အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရတဲ့ လယ်သမား သမဂ္ဂအဖွဲ့ဝင် သေဆုံး
2017.11.02

နောင်ချိုမြို့နယ်၊ ပလောင်ကုန်းကျေးရွာက လူ ၂၀ လောက် အုပ်စုဖွဲ့ပြီး ဝိုင်းရိုက်တာကိုခံခဲ့ရတဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂက ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ နောင်ချိုမြို့နယ် အိုင်ဝိုင်းပါဟဲရွာက ဒေသခံ ဦးဌေးအောင်ဟာ မနေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွား ခဲ့ပါတယ်။
ရိုက်နှက်ခဲ့သူတွေထဲက သုံးဦးကို နောင်ချိုမြို့နယ် ရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲစခန်းကို သွားရောက်ခဲ့ တဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂ ဥက္ကဌ နော်အုန်းလှ ကပြောပါတယ်။
"အဲဒီအမှုကို နောင်ချိုမြို့မရဲစခန်းကို ပြောင်းလိုက်ပြီ။ အခုသူဖမ်းထားတာက သုံးယောက်၊ သုံးယောက်ထဲ ဖမ်းထားပြီး ရိုက်တာက အယောက် ၂၀ က ဝိုင်းရိုက်တာ အိုက်ကျော် အသက် ၄၂၊ ကျော်ဇင်လတ် အသက် ၂၀၊ နော်ငင်း ၄၆ နှစ် သုံးယောက်ကိုတော့ သူဖမ်းထားတယ်"
အမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေအားလုံးကို ဖမ်းဆီးအရေးယူပေးဖို့ ရဲစခန်းက တာဝန်ကျအရာရှိတွေကို တင်ပြခဲ့သလို ရွာခံတွေရဲ့ ပြောပြချက်အရ သိရှိရတဲ့ အမှုဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေရဲ့ အမည်တွေကိုလည်း ရဲစခန်းကို ပြောကြားခဲ့တယ်လို့ နော်အုန်းလှ က ပြောပါတယ်။
ဖမ်းဆီးထားသူသုံးဦးကို ဆဲဆိုမှု၊ လူသတ်မှု၊ ထိခိုက်နာကျင်အောင် ဆောင်ရွက်မှု ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၂၉၄၊ ၁၁၄၊ ၃၀၂ တွေနဲ့ နောင်ချိုမြို့နယ်ရဲစခန်းက အမှုဖွင့်ထားပါတယ်။
ဦးဌေးအောင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့က မြေယာအသိမ်းခံရတဲ့ကိစ္စ ကွင်းဆင်းစစ်ဆေးဖို့ဆိုပြီး ဖုန်းဆက်ခေါ်ဆိုမှုကြောင့် ချိန်းဆိုထားတဲ့နေရာကိုအသွားမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ဒေသတွင်းက မြေယာအသိမ်းခံရတဲ့ကိစ္စကို သနေမ္မတနဲ့ ဒုတိယ သမ္မတတွေဆီကို စာပေးဖို့ တိုင်ကြားရာမှာ ဦးဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
အမှုနဲ့ ပတ်သက်ပြီး နောင်ချိုမြို့နယ်ရဲစခန်းနဲ့ အမှုစတင်ဖွင့်လှစ်ခဲ့တဲ့ နောင်ချိုမြို့နယ်ထဲက ဘန်ဘွေရဲစခန်းက တာဝန်ရှိသူတွေကို RFA ကဆက်သွယ်မေးမြန်းပေမယ့် အဆက်သွယ်မရရှိခဲ့ပါဘူး။