ရိုဟင်ဂျာပြဿနာဟာ မြန်မာ့ပြည် တွင်းရေးသက်သက်ဟု ကမ္ဘောဒီးယားပြော
2017.02.04

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်က ရခိုင်ပြည်နယ်က မွတ်စလင် ရိုဟင်ဂျာပြဿနာဟာ မြန်မာနိုင်ငံ ရဲ့ ပြည်တွင်းရေးမျှဖြစ်တဲ့အတွက် နိုင်ငံတကာပြဿနာတစ်ခုအဖြစ် အဖြေရှာဖို့ ကြိုးပမ်းနေကြတာတွေကို ကမ္ဘောဒီးယားနိုင်ငံက လက်ခံမှာမဟုတ်ဘူးလို့ မနေ့က ပြောကြားလိုက်ပါတယ်။
ဖနွမ်းပင်မြို့ကို ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ဝန်ကြီးချုပ် ဟွန်ဆင်က အခုလို ပြောကြားခဲ့တာဖြစ်တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။
အာဆီယံ ပဋိဉာဏ်မှာ တခြားအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုဖို့ ပြဌါန်း ထားပါတယ်လို့လည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆင်က ပြောကြားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတော် သမ္မတ ဦးထင်ကျော်နဲ့ ဇနီး ဒေါ်စုစုလွင်တို့ဟာ ကမ္ဘောဒီးယားနိုင်ငံကို ၄ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်နဲ့ သောကြာနေ့က စတင်ရောက်ရှိနေပါတယ်။