မြန်မာက လူ့အခွင့်အရေးကာကွယ်သူကို အမေရိကန် ဆုချီးမြှင့်
2024.12.09
မြန်မာအပါအဝင် နိုင်ငံရှစ်ခုက လူ့အခွင့်အရေးဆောင်ရွက်သူတွေကို ၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆု ချီးမြှင့်မယ်လို့ အမေရိကန်အစိုးရက ဒီဇင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ဆုရရှိသူတွေရဲ့ အမည်စာရင်းကိုတော့ ထည့်သွင်းထုတ်ပြန်တာမရှိပါဘူး။
၂၀၂၄ ခုနှစ်အတွက် လူ့အခွင့်အရေးကာကွယ်သူဆုကို မြန်မာ၊ အဇာဘိုင်ဂျန်၊ ဘိုလီဗီးယား၊ ကိုလံဘီယာ၊ ဂါနာ၊ ကူဝိတ်၊ အက်စဝါတီနီနဲ့ ကာဂျစ် နိုင်ငံတွေက လူ့အခွင့်ရေးဆောင်ရွက်သူတွေကို ချီးမြှင့်မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ကျင်းပမဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken) တက်ရောက် မိန့်ခွန်းပြောကြားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
၁၉၄၈ ခုနှစ်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်း ပြဋ္ဌာန်းလိုက်တဲ့ အထိမ်းအမှတ်အနေနဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၅၀ ပြည့်နှစ်ကစပြီး နှစ်စဉ်ကျင်းပကြပါတယ်။