ငွေကြေးနဲ့ တင်တောင်းပြီး တရုတ်ပြည်ဘက် လူကုန်ကူးတာများလာ

မြန်မာအမျိုးသမီးတွေကို ငွေကြေး သိန်းလေးဆယ်၊ ငါးဆယ်အထိ ပေးပြီး လက်ထပ်ဖို့ တင်တောင်းကာ တရုတ်ပြည်ဘက် လူကုန်ကူးတာတွေ ပိုများလာတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။

အရင်က မသိနားမလည်တဲ့ အမျိုးသမီးတွေကို ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို ခေါ်ဆောင်တာတွေရှိခဲ့ပြီး ခုနောက်ပိုင်းမှာ အတင်းအဓမ္မလက်ထပ်တာတွေ အပါအဝင် ပုံစံအမျိုးမျိုး ပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။

လူကုန်ကူးခံရသူတွေကို ကူညီပေးသူတွေအနေနဲ့ ဥပဒေရေးရာကိစ္စတွေကို နားလည်ဖို့လိုသလို နိုင်ငံခြားသားနဲ့ ထိမ်းမြားလက်ထပ်တဲ့ ဥပဒေတွေကို သိရှိထားရမယ်လို့လည်း ပြောပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ဒေသတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့ဒေသတွေက အမျိုးသမီးအများစုဟာ လူကုန်ကူးသူတွေရဲ့ ပစ်မှတ်ထားသူတွေဖြစ်နေတာလို့ အကူအညီပေးနေသူတွေက သုံးသပ်ကြပါတယ်။

လူကုန်ကူးမှုကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူဖို့အတွက် လူကုန်ကူးခံရသူတွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အရင်ကထက်စာရင် လက်ရှိကာလမှာ များပြားတိုးတက်လာတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကနေ တရုတ်နိုင်ငံကို တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်တဲ့သူတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရတာတွေကိုလည်း ဖြေရှင်းနိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)