အာဏာသိမ်းကာလ ခရစ်ယာန်ဘုရားကျောင်း တစ်ရာခန့် ဖျက်ဆီးခံရ

RFA Burmese
2024.12.24
အာဏာသိမ်းကာလ ခရစ်ယာန်ဘုရားကျောင်း တစ်ရာခန့် ဖျက်ဆီးခံရ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ချင်းပြည်နယ် ရမ်ထလိုရွာမှ နှစ်ခြင်းဘုရားကျောင်း တစ်ကျောင်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်က ခရစ်ယာန်ဘုရားကျောင်း တစ်ရာခန့်အပါအဝင် ဘာသာရေးဆိုင်ရာ အဆောက်အအုံ သုံးရာကျော်ကို ဖျက်ဆီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ထုတ်ပြန်တဲ့ ပြည်သူနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောခြင်း အစီအစဥ်မှာ ထည့်သွင်းပြောဆိုပါတယ်။

စစ်ကောင်စီကြောင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း ၂၇၀ ခန့် သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း နှစ်ရာကျော် ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ခရစ်စမတ်အကြိုနေ့ (ဒီဇင်ဘာလ ၂၄ ရက်) က ဖြစ်ခဲ့တဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ် မိုဆိုရွာအနီး လူလေးဆယ်ထက်မနည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ကိုလည်း သူက ထည့်သွင်းပြောဆိုပါတယ်။

ဒီနှစ် ခရစ်စမတ် မတိုင်ခင် ဒီဇင်ဘာလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နဲ့ အနီးပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ရာမှာ S PHOS-560 အဆိပ်ငွေ့ အများအပြား ထည့်သွင်း အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူကို အကြောက်တရားသွင်းဖို့အတွက် ဘာသာရေး နေ့ထူးနေ့မြတ်တွေမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ လုပ်လေ့ရှိတယ်လို့ ဦးကျော်ဇော်က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ဘာသာရေးကို အကြမ်းဖက် ပြစ်မှုကျူးလွန်နေသူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့အတွက် ကျွန်တော်တို့ အစိုးရက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေပါတယ်"

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြန်မာနှစ်သစ်ကူး သင်္ကြန်အကြိုကာလ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၁၇၀ နီးပါး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။