ဟိုက်ပါရေတံခွန်အနီး စေတီတည်နေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့အနောက်တောင်ဘက် ၁၂ မိုင်အကွာ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) လှုပ်ရှားနယ်‌မြေ ဟိုက်ပါရွာမှာရှိတဲ့ ဟိုက်ပါရေတံခွန်အနီးမှာ စေတီတည်နေတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

အဆင့်ပေါင်း ၁၁ ဆင့်နဲ့ နမ့်ပန်ချောင်းပေါ်မှာရှိတဲ့ ဟိုက်ပါရေတံခွန်ဟာ အရှေ့တောင် အာရှရဲ့ အလှပဆုံး ရေတံခွန်လို့ ခရီးသွားအများစုက တင်စားထားကြတာပါ။

ရေတံခွန်အနီး‌ စေတီတည်တာဟာ လာရောက်လည်ပတ်သူတွေနဲ့ ရဟန်းသံဃာတွေ အကြား အမြင် မသင့်တာတွေ ဖြစ်လာနိုင်တယ်လို့ မော်လမြိုင်မြို့မှာ သီတင်းသုံးနေပြီး ဘွဲ့အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။

“မသင့်တော်ဘူးဆိုတာက အဲဒီရေတံခွန်အပေါ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ အဲ့ဒီ ဘုန်းကြီးကျောင်းက သာသနာ့မြေ၊ တကယ်လို့များ တည်ချင်ရင် အဲဒီရေတံခွန် တွေနဲ့ ဝေးရာမှာ တည်သင့်တယ် ပေါ့နော်။ ဇင်းကျိုက်ရေတံခွန်မှာဆိုရင်လည်း အဲဒီလိုပဲ ဘုရားတွေတည်ထားတဲ့အခါကျတော့ ဘုရားတွေ၊ ရဟန်းတွေကြားထဲမှာ လူတွေက ကိုယ်တုံးလုံးကျွတ်တွေနဲ့ ပြေးကြ၊ လွှားကြ၊ အဝတ်အစားတွေ လဲကြဆိုတော့ မသင့် တော်ဘူး။ အဲမှာလည်း ဟိုက်ပါဆိုတာကလည်း မြန်မာတစ်နိုင်ငံလုံးရဲ့ အလှပဆုံး နေရာ တစ်ခုလေ။ ဘုရားဖူးတဲ့သူတွေလာကြမယ်။ ရေကူးကြမယ်၊ အပန်းဖြေကြမယ်ဆိုရင် အဲ့ဒီဘုရား ဝန်းကျင်မှာ မသင့်တော်ဘူးပေါ့နော်။ အဲဒါကြောင့်ပါ၊ ဘုရားမတည်နဲ့ ပြောတာ မဟုတ်ဘူး။ တခြားသင့်တော်တဲ့နေရာမှာတည်ဖို့ ပြောတာပေါ့နော်။ အဲဒီနေရာမှာကျတော့ မသင့်တော်ဘူးပေါ့လေ”

အဲဒီစေတီကို ရေတံခွန်အပေါ်နားမှာရှိတဲ့ ဘုန်းကြီးကျောင်းက ဦးဆောင်ပြီး တည်ဆောက် နေတာလို့ ဒေသခံအချို့ကပြောပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဟိုက်ပါရေတံခွန်ကို သွားရောက်လည်ပတ်ခဲ့သူတစ်ဦးကလည်း အပန်းဖြေစခန်းနဲ့ ဘုရား စေတီအတူရှိနေတာ မသင့်တော်တာကြောင့် ရေတံခွန်နဲ့ ဝေးတဲ့နေရာမှာ တည်သင့်တယ် လို့ RFA ကို ပြောပါတယ်။

“နောက်ပိုင်း ရေတံခွန်သွားလည်သူတွေကို ဟိုဟာ လုပ်ရ၊ ဒီဟာမလုပ်ရ တားမြစ်ချက် တွေ လာဦးမယ်။ မြင်ကွင်းကောင်းကောင်း၊ ရှုခင်းကောင်းကောင်းဆိုရင် ဘုရားစေတီ တည်ကြတော့တာပဲ။ ကျွန်တော်တို့လည်း ကြည်ညိုမှုရှိပါတယ်။ ဒါပေမဲ့ အခုလို အပန်းဖြေနေရာလိုမျိုး ရေတံခွန်အနီး ဘုရားတည်တာမျိုးက အမြင်မသင့်တာမျိုး ဖြစ်လာနိုင်သလို ခရီးသွားနဲ့ဒေသခံတွေကြားလည်း မသင့်တော်တာတွေ ဖြစ်လာနိုင် တယ်”

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကတော့ ဒါတွေက ဝေဖန်မှုသက်သက်သာ ဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ရော၊ လူမှုအခြေအနေကိုပါ ထိခိုက်စရာ အကြောင်းမရှိဘူးလို့ RFA ကို ပြောပါတယ်။

“လူတွေရဲ့ ဝေဖန်မှုတွေပါဗျ။ တကယ်တမ်း ဒေသခံတွေရဲ့ သဘောထားကတော့ အဲလိုမျိုး မဟုတ်ပါဘူးဗျ။ ရေတံခွန်က ရေကူးဖို့နေရာလည်း သိပ်မရှိပါဘူး။ ဆော့ဖို့နေရာလည်း သိပ်မရှိဘူး။ အလှကြည့်ရုံ သက်သက်ပဲ ဒီဟိုက်ပါရေတံခွန်က တည်ရှိနေတာပေါ့။ ဘုရားတည်တာနဲ့ ဘာမှထိခိုက်နစ်နာတယ်လို့တော့ ကျွန်တော်တို့ မယူဆပါဘူး။ အမှန်တော့ လူတွေက ဘာမှပြောစရာမရှိတော့ စေတီကို လက်ညှိုးထိုး ပြီးပြောတဲ့ သဘောထင်ပါတယ်။ တကယ်တမ်းတော့ ရေတံခွန်ကြီးရဲ့ ရှေ့တည့်တည့်မှာ လည်း မဟုတ်ပါဘူးဗျ။ ဘေးကပ်ရပ်မှာပဲ။ လူတွေသွားလာနေတဲ့နေရာမှာလည်း မဟုတ် ဘူး။ တကယ်လို့ အလှတရား ပျက်တယ်ဆိုလို့ရှိရင် ဥပမာ-ပင်လုံကျောက်တိုင်ကွင်းထဲ ရွှေတိဂုံ ပုံတူကြီး တည်ထားတာကျတော့ လူတွေက ဘာလို့မပြောလဲ အဲဒါကို။ ဘာဖြစ်လို့ အဲဒါကို လက်ညှိုးမထိုးဘဲနဲ့ ဟိုက်ပါစေတီသေးသေးလေးကျတော့ ပြောစရာ ဖြစ်နေတာကိုတော့ နည်းနည်းမေးခွန်းတော့ ရှိတာပေါ့ဗျာ”

ဦးဆောင်ပြုလုပ်နေသူ ဘယ်သူတွေဆိုတာနဲ့ အဲဒီအနားမှာရှိတဲ့ ဘုန်းကြီးကျောင်းအမည်ကို ထုတ်ဖော်မပြောပေမယ့် စေတီတည်နေတဲ့နေရာဟာ သာသနာပိုင်နယ်မြေဖြစ်တယ်လို့ ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုပါတယ်။