ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ညီနောင်မဟာမိတ်သုံးဖွဲ့ ကြိုဆို

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းတာကို ကြိုဆိုဂုဏ်ပြုကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့က သဝဏ်လွှာပေးပို့လိုက်ပါတယ်။

IEC ဖွဲ့စည်းလိုက်တာဟာ တော်လှန်ရေးကာလနဲ့ ကိုက်ညီမှုရှိတာကြောင့် ကြိုဆိုတာလို့ ရက္ခိုင့်တပ်တော် AA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA အဖွဲ့တွေက ပြောပါတယ်။

ဒါ့အပြင် ကရင်နီလူမျိုးတွေမျှော်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်တွေကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ဆုတောင်းကြောင်းလည်း ဇွန်လ ၁၂ ရက်နေ့က ပေးပို့တဲ့သဝဏ်လွှာမှာ ပြောထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ အဖွဲ့အစည်းအသစ်တွေ ပေါ်ပေါက်လာတဲ့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို နည်းလမ်းမျိုးစုံနဲ့ အရှိန်အဟုန်မြှင့်လာတာကို ထင်ထင်ရှားရှားမြင်နေရပြီး အဲ့ဒီထဲမှာ ကရင်နီတိုင်းရင်းသားတွေလည်း ပါတယ်လို့လည်း ညီနောင်မဟာမိတ်အဖွဲ့တွေက ထည့်သွင်းပြောထားပါတယ်။

ကရင်နီတိုင်းရင်းသားတွေဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှာ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ကို စတင်ဖွဲ့စည်းခဲ့တာပါ။

KSCC ရဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ မူဝါဒလမ်းညွှန်ချက်တွေအတိုင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို အဖွဲ့ဝင် ၆ ဦးနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်က တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌအဖြစ် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ခွန်းဘီထူးတို့က တာဝန်ယူထားပါတယ်။

IEC အနေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အပြင် ပြည်တွင်း၊ ပြည်ပအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောထားပါတယ်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကရင်နီပြည်အစိုးရသစ် ပေါ်ပေါက်လာချိန်ကျမှ ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ကို ရုပ်သိမ်းသွားမယ်လို့ ဆိုပါတယ်။