ရာဂီမုန်တိုင်းသင့်သူတွေ အရေးပေါ် အကူအညီလိုနေကြောင်း IFRC ပြော

RFA Burmese
2024.12.09
ရာဂီမုန်တိုင်းသင့်သူတွေ အရေးပေါ် အကူအညီလိုနေကြောင်း IFRC ပြော တောင်ငူမြို့အတွင်း ရေကြီးနေသည့်မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ ရာဂီမုန်တိုင်းဒဏ်သင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီအသင်းများအဖွဲ့ချုပ် (IFRC) က ဒီဇင်ဘာလ ၉ ရက်နေ့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက တိုက်ခတ်ခဲ့တဲ့ ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီးမြေပြိုမှုတွေအတွင်း မြို့နယ်ပေါင်း ၇ဝ က လူဦးရေတစ်သန်းကျော် ထိခိုက်ခဲ့‌တဲ့အပြင် စပါးခင်းတွေ၊ သီးနှံစိုက်ခင်းတွေနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို ပြန်လည်ထူထောင်ရေးကာလမှာ လယ်ယာလုပ်ငန်းကို မှီခိုနေရသူတွေ စားဝတ်နေရေး ကျပ်တည်းနေပြီး စီးပွားရေးဆက်မလုပ်နိုင်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မုန်တိုင်းအပြီး ကျန်ခဲ့တဲ့ အပျက်အစီးတွေကြားမှာ ရေမသန့်တာ၊ မိလ္လာအတွက် သန့်ရှင်းမှုမရှိတာ စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

ရေဘေးသင့်ဒေသတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) က ကွင်းဆင်းလေ့လာချက်တွေအရ စားနပ်ရိက္ခာအပြင် ငွေသားအကူအညီလည်း လိုအပ်နေပြီး နေအိမ်တွေ ပြန်ဆောက်ဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်ထူထောင်ဖို့၊ စိတ်ကျန်းမာရေးအတွက် ပံ့ပိုးကူညီတာတွေလည်း လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IFRC အနေနဲ့ လာမယ့်နှစ်မှာ မုန်တိုင်းဒဏ်သင့်ပြည်သူ နှစ်သောင်းခွဲကို ကူညီနိုင်ဖို့ ဒေါ်လာ ၂ ဒသမ ၅ သန်း အရေးပေါ်တောင်းခံထားတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။