မြန်မာကိုချေးငွေထုတ်ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများ ပြင်ဆင်နေ
2012.09.27
IMF (International Financial and Monetary Committee) နှင့် World Bank အစည်းအဝေး ကျင်းပနေစဉ်။
နောက်လ တိုကျိုမှာ ကျင်းပမယ့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အစည်းအဝေးအတွင်းမှာ IMF ၊ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့က ချေးငွေအသစ် ထုတ်ချေးပေးဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်း ဂျပန်သတင်းစာ Nikkei က ဆိုပါတယ်။
မြန်မာအစိုးရကို ဒေါ်လာ သန်း ၉၀၀ ထုတ်ချေးဖို့အတွက် ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်နဲ့ IMF နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့က စီစဉ်နေကြပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ လက်ကျန် ပိတ်ဆို့အရေးယူမှုတွေကို ပြန်ရုပ်သိမ်း ပေးတော့မယ့်အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ထုတ်ဖော် ပြောလိုက်ပြီးတဲ့နောက်မှာ အခုလို သတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ နောက်ထပ် ချေးငွေအသစ်တွေ ရဖို့အတွက် ကြွေးကျန်တွေကို အရင်ဆုံး ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ပြန်ဆပ်နိုင်ဖို့အတွက် ဂျပန်နိုင်ငံဘဏ်ကြီးတွေက မြန်မာနိုင်ငံကို ကာလတိုချေးငွေတွေ ထုတ်ပေးဖို့ အလားအလာ ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။









