အကျဉ်းကျ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ နှိပ်စက်ခံနေရ

2022.01.13
အကျဉ်းကျ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ နှိပ်စက်ခံနေရ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ကျောင်းသားခေါင်းဆောင် ကိုလေပြေစိုးမိုးနဲ့ ကိုဝေယံဖြိုးမိုး တို့ကို တွေ့ရစဉ်
Photo: CJ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ဝရက်နေ့ လူ့အခွင့်အရေးနေ့က အင်းစိန်ထောင်ထဲမှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ်မှာ ပါဝင်ခဲ့သူ ၉ဝ ကျော်ဟာ ထောင်အာဏာပိုင်တွေရဲ့ တိုက်ပိတ်တာတွေ၊ အကြမ်းဖက် ရိုက်နှက်တာတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေကို ခံခဲ့ကြရပါတယ်။

ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကို ဆေးကုသခွင့် မပေး တာတွေ၊ ၈ ပေ ၁ဝပေအခန်းထဲမှာ အိပ်ဖို့နေရာမလုံလောက်လို့ မတ်တပ်ရပ်ပြီး အလှည့်ကြ အိပ်ရတာ တွေ၊ အပေါ့အလေးသွားရာမှာ ခြေကျင်းမဖြုတ်ပေးလို့ နှစ်ယောက် တစ်တွဲ သွားလာရတာတွေ စတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ နိုင်ငံအရေး အကျဉ်းသားတွေနဲ့ နီးစပ်တဲ့ မစန်းမော်က RFA ကို ပြောပါတယ်။

" Silence Strike ရှိပြီးတဲ့ နောက်မှာပေါ့နော် အမျိုးသား သီးသန့်အဆောင်မှာ ၈၉ ယောက်လောက်ကို ဟိုဘက်အဆောင်ကို ပြောင်းသွားတယ်ပေါ့နော် ဟိုဘက်အဆောင်ကို ရွှေ့ခိုင်းတယ် ပြီးလို့ရှိရင် စစ်ကြော ရေးလည်း ပြန်ဝင်ရတယ်လို့ ပြောတယ် လက်မှတ်တွေလည်း ထိုးရတယ် ပြီးတော့ ရိုက်နှက်ခံခဲ့ရတဲ့ လူတွေလည်း ရှိတယ် ရိုက်နှက်ခံခဲ့ရတဲ့ လူတွေမှာ ကျန်တဲ့ သွေးတွေကို သူတို့ဘာသာ လောင်းချရတယ် ပေါ့နော် ပြီးလို့ရှိရင် အိပ်ဖို့နေရာမရှိဘူး တချို့ဆို အလည့်ကျ လှဲရတယ်ပေါ့ နေရာမရှိဘူး"

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားအများစုကို စစ်ကောင်စီက စွဲဆိုချက် မျိုးစုံနဲ့ ဖမ်းဆီးထားပြီး ကိုဝေယံဖြိုးမိုး၊ ကိုလေပြေစိုးမိုးစတဲ့ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဟာလည်း နှိပ်စက်မှုတွေ ခံနေရတယ်လို့ တကသ ကျောင်းသားဟောင်းများ အင်အားစုက ကိုနန်းလင်းက ပြောပါတယ်။ ကိုဝေယံဖြိုးမိုးဟာ အင်းစိန်ထောင် အာဏာပိုင်တွေရဲ့ နှိပ်စက်မှုကြောင့် နံရိုးကျိုးတဲ့ဒဏ်ကို ခံနေရတာပါ။

"သူတို့ဒီလိုမျိုး ပါဝင်ဆောင်ရွက်မှုအတွက် တကယ့်ကိုမှပြင်းထန်တဲ့ နှိပ်စက်ခံရမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ ဆေးကုသခွင့် မရတာတွေ နောက်ဆက်တွဲကိစ္စတွေ အများကြီး ဖြစ်နေတယ်ပေါ့လေ၊ ဒါတွေကို ကျနော်တို့ ပြည်သူတစ်ရပ်လုံးအတွက် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းနဲ့ နိုင်ငံတကာ တော်လှန်ရေး အင်အားစုတွေ ဒါတွေက အရေးစိုက်ပြီးမှ ကျနော်တို့ ရဲဘော်တွေ ထောင်တွင်းထဲမှာ ဖြစ်နေ တဲ့ အခြေအနေ အခင်းအကျင်းတွေ အခွင့်အရေးချိုးဖောက်ခံရမှုတွေကို ကျနော်တို့အနေနဲ့ ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ဖို့ တာဝန်ရှိတယ်လို့ ကျနော်တို့မြင်တယ်၊ ဒါမှသာ ကျနော်တို့ ရဲဘော်တွေရဲ့ လက်ရှိ ခံစားနေရမှုတွေကနေ သူတို့ရဲ့ အခွင့်အရေးတချို့ကို ရနိုင်အောင် အပြင်ကနေ ဝိုင်းဝန်း ဖိအားပေး တောင်းဆိုတာတွေ ဆောင်ရွက်ရလိမ့်မယ်လို့ မြင်ပါတယ်ဗျ "

အကျဉ်းထောင်မရောက်ခင် စစ်ကြောရေးမှာလည်း ကျောင်းသားသမဂ္ဂဝင်အများစုဟာ စစ်ကောင်စီရဲ့ ရန်ငြိုးဖွဲ့ နှိပ်စက်နေတာတွေ ခံနေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။

insein prison
(ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေသူများကို ၂၀၂၁ အောက်တိုဘာ ၁၈ ရက်နေ့ကတွေ့ရစဉ်။) Photo: RFA

"တစ်တိုင်းပြည်လုံးက ပြည်သူတွေ အားလုံး လူအခွင့်ရေး ချိုးဖောက်ခံရပေမယ့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေ ပိုဆိုးဝါးတာ တွေ့ရတယ်။ ဖမ်းဆီးမှုတွေ ကျနော်တို့ တွေ့ရတဲ့အပြင် ဖမ်းဆီးမှုနေရာမှာ သူတို့အပေါ် ပစ်မှတ်ထားပြီး နှိပ်စက်မှုတွေ ဒါတွေ ကြုံတွေ့ရတယ် တစ်ချိန်တည်းမှာပဲ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားချင်း အတူတူ သူတို့အပေါ်မှာ နှိပ်စက်တာ ရန်ငြိုးဖွဲ့ပြီး လုပ်ဆောင်တာ ထောင် အာဏာပိုင်တွေ ကိုယ်တိုင်က လုပ်ဆောင်တာဖြစ်သလို သူတို့ကို အခြားသော ရောက်ရှိနေတဲ့ ကျန်တဲ့ အကျဉ်းသားတွေနဲ့ ရန်တိုက်ပေးတဲ့ လုပ်ဆောင်တဲ့ ပုံစံမျိုးပိုပြီး ဆိုးဝါးလာတာ ဖြစ်ပါတယ် ဒါကတော့ စစ်အာဏာရှင်ရဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုနဲ့ ကျောင်းသား သမဂ္ဂတွေအပေါ်မှာ မုန်းတီးမှု နာကျည်းမှု သူတို့အပေါ်မှာ လက်စားချေ အကြမ်းဖက်တဲ့ စိတ်ဓာတ်နှစ်ခု ပေါင်းစပ်တဲ့ သဘောမျိုးလို့ သုံးသပ်မိ ပါတယ်"

ရန်ကုန်တက္ကသိုလ် ဘူမိဗေဒ တတိယနှစ် ကျောင်းသားတစ်ဦး ဖြစ်တဲ့ ကိုအောင်ဘုန်းကျော်ဟာ ဒီဇင်ဘာ၂၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ၂ ရက်နေ့မှာ သေဆုံးသွားပြီလို့ စစ်ကောင်စီက မိသားစုဝင်တွေကို အသိပေးခဲ့ ပါတယ်။ ကိုအောင်ဘုန်းကျော်လို အဖမ်းခံရပြီး ရက်ပိုင်းအတွင်း သေဆုံးခဲ့တဲ့သူတွေလည်း စစ်အာဏာ သိမ်းပြီး နောက်ပိုင်း တစ်နေ့တခြား များလာနေပါတယ်။

 "အိပ်ဖို့နေရာမရှိဘူး တချို့ဆို အလည့်ကျ လှဲရတယ်ပေါ့ နေရာမရှိဘူး"

အာဏာရှင်တွေက သူတို့ကို ဆန့်ကျင်သူတွေကို ခေတ်အဆက်ဆက်နည်းမျိုးစုံနဲ့ ညှဉ်းပမ်းနှိပ်စက်နေပေမယ့် အာဏာရှင်ဆန့်ကျင်မှုတွေက ပျောက်မသွားပဲ ရှင်သန်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။

"ဒီလို လူအခွင့်အရေးကို အဆိုးဝါးဆုံးနဲ့ အပြင်းထန်ဆုံး ချိုးဖောက်လိုက်ရင် ဦးကြိုးသွားမှာပဲဆိုပြီး သူတို့ကဒီလိုလုပ်တာ ခေတ်အဆက်ဆက်လည်း လုပ်တယ် ဒါပေမဲ့ အောင်မြင်သလားဆိုတော့ မအောင်မြင်ဘူး အခုလည်း ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေက သူတို့ကို ဒီလို ဖိနှိပ်ညှဉ်းပန်း နှိပ်ဆက်လိုက်လို့ ဦးမကျိုးသွားတဲ့ အပြင် နောက်ဆုံး ဘယ်လိုတောင် လုပ်လာလဲဆိုရင် ရှေ့ကြည့်ဆိုပြီး အော်လိုက်ပြီးတော့ ခေါင်းငုံ့ပုံစံမျိုးပေါ့ အရှေ့လည်း မမြင်ရဘူး ဘေးကိုလည်း မမြင်ရဘူး အဲဒီချိန်မှာ သူတို့က စိတ်တိုင်းကျ ရိုက်တာဗျ ရိုက်လည်း ရိုက်သေးတယ် အစော်ကားလည်း ခံရသေးတယ် ကျန်းမာရေး စောင့်ရှောက်မှုလည်း မရဘူး ဆေးဝါး အလုံအလောက်လည်း မရဘူး သေချာတာက သေဒဏ်ပေးနေတာ"

စစ်ကောင်စီက ဖမ်းဆီးအရေးယူ ထောင်ချထားတဲ့ ကျောင်းသားသမဂ္ဂ ၁ဝဝ ကျော်ရှိနေပြီး နှစ်ရှည် ထောင်ဒဏ်ချမှတ် ခံထားရသူတွေလည်း ငါးဦးထက် မနည်းရှိနေပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC က အကျဉ်းထောင်တွေထဲကို ဝင်ရောက်လေ့လာဖို့ စစ်ကောင်စီကို တောင်းဆိုခဲ့ပေမယ့် ကိုဗစ်ရောဂါအကြောင်းပြပြီး စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ စစ်အာဏာ သိမ်းထားတဲ့ ၁၁ လကျော်ကာလအတွင်းမှာ စစ်ကောင်စီလက်ချက်ကြောင့် ပြည်သူ ထောင့်လေးရာကျော် သေဆုံးခဲ့ပြီး၊ ရှစ်ထောင့်ငါးရာကျော် အဖမ်းခံခဲ့ရတယ်၊ ၁၉၆၆ ဦးက ဝရမ်းထုတ်ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စာရင်းပြုစုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။