စစ်ကောင်စီကို အားပေးထောက်ခံတာတွေ ရပ်တန့်ဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့ ၂၆၈ ဖွဲ့ တောင်းဆို

RFA Burmese
2024.09.21
စစ်ကောင်စီကို အားပေးထောက်ခံတာတွေ ရပ်တန့်ဖို့ အိန္ဒိယအစိုးရကို အရပ်ဘက်အဖွဲ့ ၂၆၈ ဖွဲ့ တောင်းဆို စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အိန္ဒိယ၊ အမှတ် (၃) တပ်မမှူး Harjeet Singh Sahi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။
Myanmar Military

စစ်ကောင်စီကို စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချတာအပါအဝင် တရားဝင်မှုပေးတဲ့ ထိတွေ့ဆက်ဆံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ အိန္ဒိယဗဟိုအစိုးရထံ အရပ်ဘက်အဖွဲ့အစည်း ၂၆၈ ဖွဲ့က စက်တင်ဘာလ ၂၁ ရက်နေ့မှာ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပါအဝင် နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတာကြောင့် အပြည်ပြည်ဆိုင်ရာတရားရုံးတွေမှာ စစ်ဆေးခံနေရတဲ့ စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချနေတာဟာ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွက် ရှက်ဖွယ်လုပ်ရပ်တစ်ခုဖြစ်တဲ့အပြင် အားပေးရာနဲ့ ပူးပေါင်းကြံစည်ရာမြောက်တယ်လို့ အတွက် ဝေဖန်ထောက်ပြထားပါတယ်။

စစ်ကောင်စီကို BIMSTEC လို့ခေါ်တဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှာ ဆက်လက်ပါဝင်ခွင့်မပြုဖို့၊ ပြည်ထောင်စုဝန်ကြီးတွေလို အဆင့်မြင့်ကိုယ်စားလှယ်တွေ အပါအဝင် စစ်ကောင်စီကို တရားဝင်စေမဲ့ ထိတွေ့ဆက်ဆံတာတွေ မလုပ်ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့ စတင်ထိတွေ့ ဆက်ဆံဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်တာ၊ တိုးချဲ့လုပ်ဆောင်တာနဲ့ ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ကုန်သွယ်ခွင့်တွေ ရပ်တန့်ဖို့လည်း ပါဝင်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံတဲ့အထဲက မြန်မာပြည်သူ အနည်းဆုံး ၂၅၀ လောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူတို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ တခြားခိုလှုံနေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။

အရပ်ဘက်အဖွဲ့တွေရဲ့ အိတ်ဖွင့်ပေးစာတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမဲ့ အကြောင်းပြန်တာတော့ မရှိသေးပါဘူး။

အဲဒီအိတ်ဖွင့်ပေးစာကို India for Myanmar၊ Justice for Myanmar၊ ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)၊ Yangon Medical Network အပါအဝင် အရပ်ဘက်အဖွဲ့ ၂၆၈ ဖွဲ့က ပေးပို့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၃ ဒဿမ ၄ သန်းကျော်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခုံလှုံနေရတဲ့ ဒုက္ခသည် ၁ ဒဿမ ၂ သန်းကျော်ရှိပြီး တစ်နိုင်ငံလုံး လူသားချင်းစာနာမှု အကူအညီလိုအပ်သူ ၁၈ ဒဿမ ၆ သန်းအထိ ရှိနေတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။