မြန်မာနယ်စပ် မှောင်ခိုရွှေ အဓိကတင်သွင်းရာ လမ်းကြောင်းဖြစ်နေ
2024.12.04
အိန္ဒိယနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း မှောင်ခိုရွှေ ၄၈၆၉ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပြီး မြန်မာနယ်စပ်ဟာ အဓိက မှောင်ခိုတင်သွင်းရာနေရာဖြစ်တယ်လို့ အခွန်ဆိုင်ရာ ထောက်လှမ်းရေးညွှန်ကြားမှူးဦးစီးဌာန DRI က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။
မှောင်ခိုဂိုဏ်းတွေဟာ မဏိပူရ်မှာရှိတဲ့ တမူး - မိုရေး လမ်းကြောင်းနဲ့ မီဇိုရမ်ပြည်နယ်က ဇိုခါသာ လမ်းကြောင်းတွေကို အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။ တမူးနဲ့ Rih ဟာ မြန်မာနိုင်ငံ နယ်စပ်မြို့တွေဖြစ်ပြီး တရားဝင် ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရွှေတွေဟာ မူဆယ်၊ ရွှေလီနဲ့ မန္တလေးလို သယ်ယူပို့ဆောင်ရေး အချက်အချာနေရာတွေကို ဖြတ်ပြီး အိန္ဒိယကို ဝင်ရောက်လာတာဖြစ်တယ်လို့ DRI က ဆိုပါတယ်။
မှောင်ခိုသမားတွေဟာ မှောင်ခိုရွှေတွေကို ထောက်လှမ်းလို့ မရအောင် ပညာသားပါပါ နည်းလမ်းတွေ အသုံးပြုလာကြတယ်လည်း ဆိုပါတယ်။ မှောင်ခိုရွှေကို စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ အခြားသတ္တုတွေနဲ့ ရောစပ်ပြီး အထူးပြုပြင်ထားတဲ့ မော်တော်ယာဉ်တွေမှာ ဝှက်ပြီးသယ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။