အိန္ဒိယ-မြန်မာနယ်စပ်မှာ ကုန်တင်ကား အစီးတစ်ရာကျော် ပိတ်မိနေ

RFA Burmese
2024.06.27
အိန္ဒိယ-မြန်မာနယ်စပ်မှာ ကုန်တင်ကား အစီးတစ်ရာကျော် ပိတ်မိနေ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်အနီး အိန္ဒိယဘက်ခြမ်းတွင် ပိတ်မိနေသည့်ယာဉ်များအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ်ကို ကုန်ပစ္စည်းတင်ပို့နေတဲ့ ကားအစီး တစ်ရာကျော် နှစ်နိုင်ငံနယ်စပ်အနီးမှာ အိန္ဒိယဘက်ခြမ်းမှာ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အစိုးရ အဖွဲ့အစည်းတစ်ခုမဟုတ်ပေမယ့် ဗဟိုလိုင်လူငယ်အဖွဲ့ (CYLA) ဟာ လောင်တလိုင်ခရိုင်အတွင်း သြဇာကြီးတဲ့ အဖွဲ့ဖြစ်တာကြောင့် အခုလို ပိတ်ပင်တားဆီးတာတွေ လုပ်နိုင်တယ်လို့ လောင်တလိုင် ဒေသခံတစ်ဦးက ပြောပါတယ်။

"အဲဒီ အဖွဲ့က ခရိုင်အတွင်း တော်တော်လေး ဩဇာရှိတယ်။ သူတို့က ပိတ်ဆို ပိတ်ရတာပဲ။ အခုတစ်ခေါက် တော်တော်လေး ပိုတင်းကျပ်တယ်။ ချင်းအချင်းချင်း ဖြစ်တဲ့ကိစ္စမှာ AA ပါလို့ပေါ့၊ AA ဆီကို ပစ္စည်းတွေမရောက်အောင် ပိတ်တာလို့ ပြောတယ်။ နယ်စပ်ဘက်သွားတဲ့လမ်းမှာ ကားတွေကို တန်းစီနေတာပဲ"

ဒီလို ပိတ်ပင်မှုကြောင့် ကုန်စည်ပြတ်လပ်ပြီး ဈေးနှုန်းကြီးမြင့်မှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သူက ပြောပါတယ်။

CYLA အဖွဲ့ဟာ ဇွန်လ ၂၄ ရက်နေ့ကစပြီး ကုန်ပစ္စည်းသယ်ယူတင်ပို့မှုကို ကန့်သတ်ပိတ်ပင်ခဲ့တာပါ။ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ရက္ခိုင့်တပ်တော် (AA) ဟာ အိန္ဒိယဘက်ကလာတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုပြီး အင်အားတည်ဆောက်နေတာကြောင့် အခုလို ပိတ်ပင်တာလို့ ဖော်ပြထားပါတယ်။

ဒီအပြင် ချင်းပြည်နယ်အတွင်း ဖြစ်ပွားတဲ့ ချင်းလူမျိုးအချင်းချင်းအကြား တိုက်ပွဲတွေအတွင်း AA ပါဝင်နေမှုကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမဲ့ AA ဘက်က အကြောင်းမပြန်ခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

ဒါနဲ့ပတ်သက်လို့ AA ဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးသလို AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဒီနှစ် မေလ ၂၅ ရက်တုန်းကလည်း လောင်တလိုင်ဘက်က ကုန်ပစ္စည်းဝယ်ယူတာကို ပိတ်ပင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာ AA နဲ့ ညှိနှိုင်းကာ ကုန်ပစ္စည်းဝယ်ယူခွင့်ကို CYLA အဖွဲ့က ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။