အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက်က ဒေသခံတိုင်းရင်းသားတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတဲ့ အစီအစဉ်ကို အိန္ဒိယအစိုးရက ပြန်လည်တင်းကျပ်တော့မယ်လို့ မဏိပူရ်ပြည်နယ် ဝန်ကြီး အန်န် ဘီရန် ဆင်းက ပြောတဲ့အကြောင်း India Today NE သတင်းက ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖော်ပြပါတယ်။
အိန္ဒိယအစိုးရဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသက တိုင်းရင်းသားတွေကို အိန္ဒိယနိုင်ငံတွင်းကို ဗီဇာမလိုပဲ ၁၆ ကီလိုမီတာအထိ ခရီးသွားခွင့်ပေးထားတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်မှုနဲ့ လုံခြုံရေးပြဿနာတွေကြောင့် ဒီလိုသွားလာခွင့်ပေးထားတာကို ပြန်ပြီးတင်းကျပ်ဖို့ တောင်းဆိုမှုတွေ ဖြစ်လာတာဖြစ်ကြောင်း သတင်းက ဆိုပါတယ်။
အခုအချိန်မှာ အိန္ဒိယအရှေ့မြောက်ပြည်နယ်အချို့ရဲ့ တောင်းဆိုမှုကြောင့် အရင်က နှစ်နိုင်ငံကြား လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားတဲ့ အစီအစဉ်ကို အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဖြစ်အောင် ပြင်ဆင်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေ အိန္ဒိယဘက်ကို ကူးသန်းသွားလာချင်ရင် ပတ်စ်ပို့နဲ့ ဗီဇာတွေ လျှောက်ပြီးမှ လာလို့ရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ မဏိပူရ်ပြည်နယ်နဲ့ နာဂလန်းပြည်နယ်တွေမှာ နိုင်ငံခြားသား ဝင်ထွက်ခွင့်အတွက် ဝင်ခွင့်ကြိုတင်လျှောက်ပြီးမှ ခွင့်ပြုဖို့ အိန္ဒိယဗဟိုအစိုးရက ကန့်သတ်လိုက်တာကို စိုးရိမ်မှုတွေရှိကြောင်း အိန္ဒိယနယ်စပ်မှာ နေထိုင်တဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေက RFA ကို ပြောထားပါတယ်။
အိန္ဒိယဗဟိုအစိုးရက ဝင်ခွင့်ကန့်သတ်လိုက်တဲ့ ပြည်နယ်တွေထဲမှာ မြန်မာဘက်အခြမ်းက ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် ခုနစ်သောင်းနီးပါး ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။