ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေဆိုးရွားနေတာကြောင့် အဲဒီကိုရောက်နေကြတဲ့ အိန္ဒိယနိုင်ငံသားအားလုံး ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာဖို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေအများအပြားဖြစ်ပွားနေပြီး လုံခြုံရေးအခြေအနေ ပျက်စီးယိုယွင်းနေတာကြောင့် ထုတ်ပြန်တာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Randhir Jaiswal က မတ်လ ၁၅ ရက်နေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
လုံခြုံရေးအခြေအနေ ယိုယွင်းနေတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုလားကြောင်း၊ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကတစ်ဆင့် ထူထောင်စေချင်ကြောင်း Mr Jaiswal က ပြောကြားခဲ့ပါတယ်။
ရခိုင်မှာ လုံခြုံရေးအခြေအနေ ယိုယွင်းလာတာ၊ ကြိုးလိုင်းတွေအပါအဝင် ဆက်သွယ်ရေးစနစ် ယိုယွင်းလာတာ၊ မရှိမဖြစ်ပစ္စည်းတွေ ဆိုးဆိုးရွားရွား ရှားပါးလာတာကြောင့် အိန္ဒိယနိုင်ငံသားတွေ ရခိုင်ပြည်နယ်ကို မသွားကြဖို့ အိန္ဒိယ အစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက သတိပေးထားပါတယ်။