အိန္ဒိယသံတမန် စစ်တွေမြို့ကို လေ့လာရေးခရီး သွားဖို့ ရှိ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံတမန် Mr. Seshadri ဟာ မကြာသေးခင် လပိုင်းက ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို လေ့လာရေး ခရီး သွားရောက်ဖို့ ရှိတယ်လို့ အိန္ဒိယနိုင်ငံထုတ် The Indian Express သတင်းစာက ဖော်ပြထားပါတယ်၊

သူရဲ့ခရီးစဉ်အပြီးမှာ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေသူတွေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံက ကူညီမယ့် ကိစ္စတွေကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ညှိနှိုင်းသွားမယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ဘက်စုံဆက်သွယ်ရေး စီမံကိန်းတွေအတွက် စစ်တွေမြို့ဟာ အရေးကြီးပြီး အချက်အချာကျတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ အိန္ဒိယအရှေ့ပိုင်း Kolkata ဆိပ်ကမ်းနဲ့ အရှေမြောက်ပိုင်း ပြည်နယ် တစ်ခုဖြစ်တဲ့ Mizoram တို့ဆီကို စစ်တွေမြို့ကတဆင့် ကုန်ပစ္စည်းတွေ ပိုဆောင်နိုင်ဖို့ စီစဉ်နေတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ရှစ်သောင်းထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးကြရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ထားကြောင်းလည်း သတင်းစာက ရေးသားဖော်ပြ ထားပါတယ်။