အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲ NUG တက်ရောက်
2024.10.04
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ မြန်မာ့အရေးအတွက် နိုင်ငံတကာထိပ်တန်းသံတမန် အစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လည်း တက်ရောက်မယ်လို့ ရိုက်တာသတင်းတစ်ပုဒ်က အောက်တိုဘာ ၄ ရက်နေ့က ဖော်ပြပါတယ်။
ဒီအစည်းအဝေးကို NUG ဘက်က တက်ရောက်မယ့်အကြောင်း သံတမန်သတင်းရင်းမြစ်တစ်ချို့က ရိုက်တာကို အတည်ပြုပြောပေမဲ့ ဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ တက်ရောက်မယ့်သူ အသေးစိတ်ကိုတော့ မပြောဘူးလို့ ဆိုပါတယ်။
NUG ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြောင်းလည်း ရိုက်တာက ရေးသားထားပါတယ်။
ဂျာကာတာမြို့က ဒီမြန်မာ့အရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး NUG သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကို RFA က မေးမြန်းရာမှာ ဒီအစည်းအဝေးနဲ့ပတ်သက်ပြီး လောလောဆယ် သီးခြားမှတ်ချက်ပေးဖို့ မရှိသေးကြောင်း ပြန်လည်ဖြေကြားပါတယ်။
ဒီအစည်းအဝေးကို ကုလသမဂ္ဂ၊ အီးယူ ဥရောပသမဂ္ဂ၊ အာဆီယံနဲ့ အင်ဒိုနီးရှားက ကိုယ်စားလှယ်တွေနဲ့အတူ မြန်မာအတိုက်အခံအင်အားစုတွေ တက်ရောက်နေပြီး အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက် နှစ်ရက်တာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
လာအိုနိုင်ငံမှာ အောက်တိုဘာ ၆ ရက်ကနေ ၁၁ ရက်အထိ ကျင်းပမဲ့ အာဆီယံညီလာခံမတိုင်ခင် မြန်မာ့အရေးဆွေးနွေးပွဲ ပြုလုပ်တာလည်းဖြစ်ပါတယ်။