နိုင်ငံတွင်းဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ အကြမ်းဖက်မှုအန္တရာယ်တွေကို ကာကွယ်ဖို့ မြန်မာနိုင်ငံကို ကူညီမယ်လို့ အင်ဒိုနီးရှား လုံခြုံရေး၊ ဥပဒေနဲ့ နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဝီရန်တို Wiranto က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံထဲပြန်လာမယ့် ဒုက္ခသည်တွေထဲမှာ IS အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွ အုပ်စုတွေ ရောနှောပါလာမယ့်အန္တရာယ်ကို မြန်မာက စိုးရိမ်နေကြောင်း၊ ဒေသတွင်းမှာ အကြမ်းဖက်သမားတွေ အခြေချလာမယ့်အန္တရာယ်က ကာကွယ်ဖို့ အင်ဒိုနီးရှားရဲ့ အတွေ့အကြုံနဲ့ ဗဟုတတွေကို ဝေမျှကူညီသွား မှာဖြစ်ကြောင်း ဝန်ကြီး ဝီရန်တို ကပြောပါတယ်။
IS အဖွဲ့ဟာ တနေ့တခြားအင်အားနည်းလာပြီး ဖိလစ်ပိုင်နိုင်ငံထဲက သူတို့အခြေစိုက်ရာနယ်မြေတွေကိုလည်း ဆုံးရှုံးလာတဲ့အတွက် အာရှဒေသတွင်း တနေရာရာမှာ အခြေချဖို့ နေရာသစ်ရှာဖွေလာနိုင်တာကြောင့်၊ မြန်မာအစိုးရအနေနဲ့ အဲဒီဖြစ်နိုင်ခြေကိုတွက်ဆပြီး စစ်သွေးကြွတွေရဲ့ရန်က ကာကွယ်ပြင်ဆင်ဖို့ စဉ်းစားလာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်ဝါဒကို နိုင်ငံတခုထဲက နှိမ်နင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်ဝါဒမှာ နယ်မြေကန့်သတ် ချက်တွေ၊ စည်းမျဉ်းစည်းကမ်းဆိုတာတွေ မရှိတဲ့အတွက် နိုင်ငံအားလုံး ပူးပေါင်း နှိမ်နင်းရမှာဖြစ်ပါတယ်လို့လည်း အင်ဒိုနီးရှားဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
ဒီအတွင်း အစာရေစာ ငတ်မွတ်မှုဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် မြန်မာစစ်တပ်က နောက်ဆုံး အသုံးပြုနေတဲ့ လက်နက်ဖြစ်တယ်လို့ ဒုက္ခသည် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေက ပြောဆိုကြောင်း AP သတင်းက ဖော်ပြပါတယ်။
သတင်းသမားတွေကို အစိုးရက ရခိုင်ပြည်နယ်သွားဖို့ ခွင့်မပြုတာကြောင့် စစ်တပ် ရဲ့ စားနပ်ရိက္ခာ ဖြတ်တောက်ပုံ ကို သေသေချာချာ မသိရဘူးလို့လည်း ရေးသားပါတယ်။
ရပ်တည်ရေးအတွက် အခြေအနေပိုဆိုးလာတာကြောင့် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက် ထွက်ခွာနေဆဲဖြစ်တယ်လို့ AP သတင်း က လတ်တလောတွေ့ဆုံမေးမြန်းခဲ့တဲ့ ဒုက္ခသည် တဒါဇင်လောက် က ပြောဆိုတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်ကို ဆက်သွယ်မေးမြန်းဖို့ ထပ်ကာထပ်ကာ ကြိုးစားခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး။
အစိုးရကတော့ လူမျိုးစုရှင်းလင်းရေးဆိုတဲ့ အသုံးအနှုန်းကို ငြင်းဆိုလိုက်ပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတာသာဖြစ်တယ်လို့ ပြောပါတယ်။
လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကတော့ အစိုးရအနေနဲ့ အစားအသောက်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို အတတ်နိုင်ဆုံးထောက်ပံ့နေတယ်လို့ပြောပါတယ်။