အင်ဂျန်းယန်က ဒုက္ခသည်တွေ နေရပ်ပြန်မယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ပြော

ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ် အင်လောက်ယန်နဲ့ အင်ကိုင်းကောင်ကျေးရွာတွေကနေ အင်ဂျန်းယန်မြို့ပေါ်ကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ လာမယ့် မေလ ၂၆ ရက်နေ့မှာ နေရပ်ပြန်ကြတော့မယ်လို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး က ဒီနေ့ ပြောပါတယ်။

အဲဒီကျေးရွာ ၂ ရွာက ဒေသခံတွေဟာ အင်ဂျန်းယန်နဲ့ မြစ်ကြီးနားမြို့ပေါ်တွေမှာ ယာယီလာရောက်ခိုလှုံနေကြ တာဖြစ်ပြီး အင်ဂျန်းယန်ကလူတွေ ပြန်ပြီးရင် မြစ်ကြီးနား ရောက်နေသူတွေပါ ပြန်နိုင်အောင် စီစဉ်ပေးနေတယ်လို့ မြစ်ကြီးနားခရိုင် အုပ်ချုပ်ရေးမှူး ဦးခေါင်လဒီး က ပြောပါတယ်။

"အင်လောက်ယန်နဲ့ အင်ကိုင်းကောင် အဲဒီ ၂ ရွာက ၁၄၀ အဲဒီအဖွဲ့တွေက စနေနေ့ ပြန်မယ်၊ သူတို့နေရာကို သူတို့ပြန်ပြီးတော့ တောင်ယာတွေ၊ လယ်တွေ ပီပီပြင်ပြင် လုပ်ခွင့်ရပြီဆိုရင်တော့ ဝမ်းသာစရာပေါ့၊ မူအားဖြင့် တော့ သဘောတူညီချက်ရထားပြီးပြီ၊ လက်တွေ့လုပ်နိုင်ဖို့အတွက်လည်း ကျနော်တို့ ပြင်ဆင်နေတယ်၊ သူတို့ပြန် ပြီဆိုတာနဲ့ ပြန်နိုင်တဲ့ အနေအထားပေါ် မူတည်ပြီးတော့ မြစ်ကြီးနားဘက်အခြမ်းကို ရောက်နေတဲ့အဖွဲ့တွေလည်း ပြန်မယ်၊ အင်လောက်ယန်နဲ့ အင်ကိုင်းကောင် က အင်ဂျန်းယန်မှာ တချို့နေတယ်၊ တချို့ကျတော့ မြစ်ကြီးနား စခန်းကို ရောက်နေတာရှိတယ်"

အင်ဂျန်းယန်ကိုရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်က တောင်ယာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင် ချင်တယ်လို့ တင်ပြလာတဲ့အတွက် ခရိုင်တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လုံခြုံရေးယူပေးနေတဲ့ အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ညှိနှိုင်းပေးခဲ့ရာမှာ ပြေလည်မှုရရှိထားပါတယ်။

အင်လောက်ယန်နဲ့ အင်ကိုင်းကောင်ကျေးရွာတွေကနေ မြစ်ကြီးနားက ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိနေတဲ့ စာရင်းတွေကိုလည်း ကောက်ယူနေတယ်လို့ ဦးခေါင်လဒီး က ပြောပါတယ်။

လတ်တလောမှာ အင်ဂျန်းယန်က စစ်ဘေး ဒုက္ခသည် ကျောင်းသား၊ ကျောင်းသူတွေကို မေလ ၂၁ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံနေခဲ့တာ ဖြစ်ပြီး မနေ့ကအထိ ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ကို ကျောင်းအပ်လက်ခံထားပြီးပြီလို့လည်း သိရပါတယ်။

အလားတူ ၂၀၁၇ ဇွန်လကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် အင်ဂါးဂါး၊ နန့်ခမ်း နဲ့ ကောင်ဂျားကျေးရွာတွေက ဒေသခံတွေ နဲ့ ၂၀၁၈ ဧပြီနဲ့ မေလတို့မှာ အောင်လော့ဒ်၊ ဆွတ်ရိယန် နဲ့ ဆွတ်ရာ ကျေးရွာဒေသခံတွေဟာ တနိုင်းမြို့က ခရစ်ယာန်အသင်းတော်တွေမှာ ခိုလှုံနေရပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ ပညာရေးနဲ့ လူမှုဘဝလုံခြုံရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက် တရားဝင်စခန်းတွေ အမြန်ဆုံးစီစဉ်ပေးဖို့ဆိုပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအစိုးရထံ မနေ့က စာပေးပို့ တောင်းဆိုထားပါတယ်။