ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်က ရွာသားတချို့ သေနတ်ထိမှန်ပြီး ဆေးကုမှုခံယူရ

0:00 / 0:00

ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေမှာ မတ် ၁၆ ရက်နေ့ မနေ့ညပိုင်းလောက်က ကျေးရွာသားတချို့ သေနတ်ထိမှန်ဒဏ်ရာရှိခဲ့ကြလို့ သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

မနေ့က နေ့လယ် ၂ နာရီလောက်က တောင်ဦးရွာက အသက် ၂၂ နှစ်အရွယ် ဒေသခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေနတ်ကျည်ထိမှန်ခဲ့သလို ညပိုင်းအချိန်ကလည်း မြောက်ဦးမြို့ ကျောက်ရစ်ကေ ရပ်ကွက်က အသက် ၅၀ အရွယ် အမျိုးသမီးကြီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်ခဲ့ပါတယ်။

ည ၉ နာရီလောက်ကလည်း တောင်ဦးရွာက အသက် ၅၈ နှစ်အရွယ် ဦးစိန်လှထွန်းဟာ ခြေထောက် နှစ်ဖက်စလုံး သေနတ်ကျည်ဆံထိမှန်ခဲ့ရတယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဦးစိန်လှထွန်းဟာ ညအချိန် သေနတ်ဒဏ်ရာပြင်းထန်နေပေမယ့်လည်း လူနာတင်ယာဉ်ကားတွေ ခေါ်ပေမယ့်လည်း လာရောက်ခေါ်ယူတာမရှိခဲ့လို့ မနက်လင်းမှပဲ မြောက်ဦးဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

"သူက ခြေနှစ်ဖက်လုံးမှာ ထိတယ်ဗျ၊ ကျည်ဒဏ်ရာလည်း တော်တော်ပြင်းပါတယ်၊ သွေးတွေလည်းလွန်တယ်၊ ညတွင်းမှာဆိုတော့နော် ဆေးရုံအုပ်ကြီးဆီကို ကျွန်တော့်ကို လူနာတင်ကားတစ်စီးလောက် ဒီ တောင်ဦးကို လွှတ်လိုက်ပါ မလာရဲဘူးဗျ၊ သွေးလှူရှင်များအသင်းမှာ လူနာတင်ကားတွေရှိပါတယ်၊ သူတို့ကို အကူအညီတောင်းပြန်တော့လည်း မလာရဲဘူးဗျ၊ ရွာက သူနာပြုဆရာမက ရှေးဦးသူနာပြုစုပေးတယ်ဗျာ ပြီးမှဒီနေ့မနက်ပဲ သူ့ကိုသွားပို့ဖြစ်ပါတယ်၊ မြောက်ဦး ဆေးရုံအုပ်ကြီးနဲ့တွေ့တော့ အရိုးကိုတော့ မထိဘူးတဲ့ သွေးပေါင်ချိန်လည်း သိပ်မကျဘူးတဲ့ ဒါပေမဲ့ ကျည်ကအထဲမှာရှိပုံရတယ်၊ ဓာတ်မှန်ရိုက်ပြီးမှ ခွဲထုတ်ရမယ်တဲ့၊ အဲဒီလူနာ သက်သက်သာသာရှိမှ ကျွန်တော်လည်း ပြန်လာခဲ့တယ်"

အလားတူ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာမှာလည်း ည ၉ နာရီလောက်က ရွာထဲကို လက်နက်ကြီး ကျည်ဆံကျရောက်ခဲ့လို့ အသက် ၃၀ နှစ်အရွယ် ဦးယဉ်မောင်ဆိုသူဟာ အမြောက်ကျည်ဆံ ကျရောက်ပေါက်ကွဲလို့ လွှင့်စင်လာတဲ့ ကျည်ဆံအပိုင်းအစတွေ ပါးစပ်ကို ထိမှန်ခဲ့ရတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဦးယဉ်မောင်ကိုလည်း ကျောက်တော်ဆေးရုံဆီကို ဒီကနေ့ မနက်အစောပိုင်းအချိန်လောက်ကမှ ပို့ဆောင်ပေးခဲ့ရတယ်လို့ အမည်မဖော်လိုတဲ့ ခေါင်းတုတ်ရွာသားတစ်ဦးက ပြောပါတယ်။

"သွားတောင် ကျွတ်ထွက်သွားတယ်လို့ပြောတယ်၊ ကျည်ဆံက နှာခေါင်းနားကဝင်ပြီးတော့ ပါးစပ်ကနေထွက်သွားတယ်၊ သွားတွေ ကျွတ်ပါသွားတယ်လို့ သူလည်းအခုဆေးရုံမှာ၊ လက်နက်ကြီး၊ လက်နက်ငယ်ရော အဲဒီ စကခ ၉ ကပစ်တာ၊ ကျန်တဲ့နေရာက တစ်ခုမှမပစ်ဘူး၊ အဲဒီခေါင်းတုတ်ရွာကနေ နှစ်ဖာလုံလောက်ပဲဝေးတယ်၊ အဲဒီနေရာကနေ အပြင်ကိုလှမ်းပစ်တာပေါ့၊ စစ်ပွဲကျတာမဟုတ်ဘူး တစ်ခြားဘယ်နေရာကမှမပစ်ဘူး၊ အဲဒီတပ်ကနေ လှမ်းပစ်နေတာ"

ခေါင်းတုတ်ရွာကနေ တစ်မိုင်အကွာလောက်က အလယ်ချောင်းဆိုတဲ့ မွတ်ဆလင်တွေနေထိုင်တဲ့ ရွာကိုလည်း လက်နက်ကြီးကျည်ဆံတွေ ထိမှန်လို့ မွတ်ဆလင် ၃ ဦး လက်နက်ကြီးကျည်ဆံ ထိမှန်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း RFA က အတည်ပြုလို့ မရသေးပါဘူး။

မနေ့က သေနတ်ထိမှန်ခဲ့ရတဲ့ မြောက်ဦးမြို့နယ် တောင်ဦးရွာနဲ့ ကျောက်တော်မြို့နယ် ခေါင်းတုတ်ရွာ အနီးတစ်ဝိုက်တို့မှာ AA ရက္ခိုင့်တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိခဲ့ဘဲ အစိုးရတပ်မတော်ရဲ့ ဒေသခံအခြေစိုက်တပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေတယ်ဆိုပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြသလို AA အဖွဲ့ကလည်း မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့က တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးနဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

တချိန်တည်းမှာလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန်မြစ်အတွင်း မတ် ၁၆ ရက်နေ့ မနက်ပိုင်းက ကုန်တင်သင်္ဘောတစ်စီးကို AA အဖွဲ့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ မီးရှို့ခဲ့ဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၁၅ ရက်နေ့က AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ တိုက်ပွဲအတုတွေကို ဖန်တီးပြီး ည ၁၀ နာရီခန့်မှာ ခမရ ၅၄၀နဲ့ ရွှေတောင်ပေါ်က စစ်တပ်စခန်းစခန်းကုန်း ၊ မြောက်ဦး ရဲတပ်ရင်းနဲ့ မြို့မရဲစခန်းကတွေကနေ မြောက်ဦးမြို့ဝန်းကျင်ကို လက်နက်ကြီးငယ်တွေနဲ့ အစိုးရတပ်က ပစ်ခတ်တဲ့အတွက် ဒေါ်ခိုင်ခိုင်သိန်းလို့ အမည်ရှိတဲ့ အမျိုးသမီးတစ်ဦး လက်နက်ထိမှန်ခဲ့တယ်လို့ AA အဖွဲ့က မတ်လ ၁၆ ရက်နေ့ ရက်ဆွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ အစိုးရ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့က တာဝန်ရှိသူတွေကို ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့လိုက်တာပါ။