မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ လေးထောင်ကျော်ရှိ


2018.01.10
landmine-monitoring-622.jpg အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ဂျီနီဗာ)ရဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပစဉ်
Photo: Thant Zin Oo/ RFA

၁၉ နှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် လူပေါင်း ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (ဂျီနီဗာ) ရဲ့ အာရှ၊ ပစိဖိတ်၊ အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ညှိနှိုင်းရေးမှူး ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် က ဒီနေ့ ပြောပါတယ်။

အဲဒီအဖွဲ့ဟာ ၂၀၁၇ ခုနှစ် အတွက် အစီရင်ခံစာထုတ်ပြန်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ရှိတဲ့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း တားဆီးရေးစာချုပ်မှာ အမြန်ဆုံးလက်မှတ်ထိုးဖို့လိုတယ်လို့ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် က စကားပြန်ကတဆင့် ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်တဲ့အချိန်ကစပြီးဆိုရင် ထိခိုက်သူ လူတစ်ထောင်ကျော်ရှိပြီ ဖြစ်တာကြောင့် မြေမြှုပ်မိုင်းပပျောက်အောင်လုပ်ဖို့ အရေးကြီးနေပြီဆိုတာ သိစေချင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ၂၀ ရာခိုင်နှုန်းသော မြို့နယ် ၇၁ မြို့နယ်မှာ မြေမြှုပ်မိုင်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလည်း ဖော်ပြထားသလို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း မြေမြှုပ်မိုင်းကြောင့် ထိခိုက်ပျက်စီးတဲ့ စာရင်းမှာ မြန်မာနိုင်ငံဟာ တတိယနေရာ ရောက်နေပါတယ်။

အများဆုံးက တောခုတ်၊ တောတိုးနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့သူတွေဖြစ်ပြီး ဒုတိယအများဆုံးက တောင်ယာလုပ်ငန်းကို လုပ်ကိုင်တဲ့သူတွေဖြစ်ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေလုပ်နေတဲ့ အဖွဲ့ ၉ ဖွဲ့ရှိပေမယ့် ဒီနှစ်မှာ အဖွဲ့ ၃ ဖွဲ့က မိုင်းအခြေအနေကို သုတေသနပြုလုပ်ဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။ သုတေသနပြုလုပ်တဲ့အခါ မိုင်းကွင်းတွေကို ခြံခတ်ဖို့၊ သတိပေးစာတမ်းကပ်ဖို့ ခွင့်ပြုချက်မရခဲ့ဘူးလို့ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မြေမြှုပ်မိုင်း အသုံးပြုမှုကို တားဆီးထားတယ်လို့ တရားဝင်ရေးသားထားသလို တပ်မတော်နဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြီးတန်းအရာရှိတွေ ဆွေးနွေးတဲ့အခါ မြန်မာနိုင်ငံအနေနဲ့ မြေမြှုပ်မိုင်းတားဆီးဖို့ စဉ်းစားနေတယ်ဆိုတာ သိခဲ့ရတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးစာချုပ်မှာတော့ မိုင်းရှင်းတယ်ဆိုတဲ့ အငွေ့အသက်မပါသလို မြေမြှုပ်မိုင်း တားဆီးမယ်ဆိုတဲ့အချက် လည်း မပါဝင်တာကြောင့် စိုးရိမ်မိတယ်လို့ ပြောပါတယ်။  မိုင်းတွေကို မဖျက်ဆီးတာဟာ ရာဇဝတ်မှုဖြစ်တယ်လို့ ဒေါက်တာ ယက်စ်ဟူဟွာ မိုဆာ-ပူအန်စူဝမ် က ပြောပါတယ်။

မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့က သံသယရှိဖွယ် အန္တရာယ်များတဲ့ဒေသတွေအဖြစ် ကရင်နီပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်၊ ကရင်ပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်၊ ကချင်ပြည်နယ်မှာ ဗန်းမော်၊ ချီဖွေ၊ ဖားကန့်၊ မန်စီ၊ မိုးကောင်း၊ မိုးညှင်း၊ မိုးမောက်၊ မူဆယ်၊ မြစ်ကြီးနား၊ ရွှေကူ၊ ဆင်ဘို၊ ဆမ်ပရာဘန်၊ တနိုင်း၊ ဆော့လော်နှင့် ဝိုင်းမော်၊ မွန်ပြည်နယ်မှာ ဘီးလင်း၊ ကျိုက်ထို၊ မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ၊ ရေး၊ ပဲခူးတိုင်းမှာ ကျောက်ကြီး၊ ရွှေကျင်၊ သနပ်ပင်၊ တောင်ငူ၊ ရခိုင်ပြည်နယ်မှာ မောင်တော၊ ရှမ်းပြည်နယ်မှာ ဟိုပုံး၊ သိန္နီ၊ ဆီဆိုင်၊ သီပေါ၊ ကွမ်းယန်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ လန်ခို၊ လားရှိုး၊ လွိုင်လင်၊ လော်ကိုင်၊ မိုင်းတုံ၊ မောင်မိုင်၊ မိုင်းရှူး၊ မိုင်းပန်၊ မိုင်းတုံ၊ မိုင်းဖြတ်၊ နမ့်ဆန်၊ တာချီလိတ်၊ နမ့်မတူ၊ နမ့်ခမ်း၊ ယောက်ဆပ်၊ ရွာငံ၊ တနင်္သာရီတိုင်းမှာ ဘုတ်ပြင်း၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီ၊ သရက်ချောင်း၊ ရေဖြူ၊ ချင်းပြည်နယ်မှာ ပလက်ဝနဲ့ စစ်ကိုင်းတိုင်းမှာ အင်းတော်မြို့နယ်တွေကို သတ်မှတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။