အင်းစိန်အကျဉ်းထောင်ထဲမှာ ကိုဗစ်ကူးစက်ခံထားရသူ ၅၀ နီးပါးရှိနေ

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.07.16

အာဏာရှင်အဆက်ဆက်က နိုင်ငံရေးသမားတွေကို ဖမ်းဆီးအကျဉ်းချတာတွေကြောင့် နာမည်ကျော်တဲ့ အင်းစိန်ထောင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အကျဉ်းသား ၄၈ ဦးရှိနေပြီး အဲဒီအထဲမှာ လူသိ များတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့မှာပဲ အင်းစိန်ထောင်အတွင်းက မရမ်းကုန်းမြို့နယ် အထူးတရားရုံး တရားသူကြီး ဦးမိုးဆွေဟာ ကိုဗစ်‌ရောဂါနဲ့ သေဆုံးခဲ့သလို ထောင်အတွင်း အထူးသီးသန့်ခန်းမှာ အကျဉ်းချခံထားရတဲ့ NLD ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်း၊ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဖရွန်တီးယားမြန်မာ အယ်ဒီတာ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာနဲ့ အရေးပေါ်ကုသမှု ဆေးပညာဋ္ဌာန ပါမောက္ခ ဒေါက်တာ မော်မော်ဦးတို့ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတယ်လို့ သူတို့ရဲ့ အမှုလိုက် ရှေ့နေတွေက RFA ကို ပြောပါတယ်။

အသက် ၇၈ နှစ်ရှိပြီဖြစ်ပြီး ဆီးကျိတ်နဲ့ အစာအိမ်သွေးကြောရောဂါအခံရှိသူ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းဟာ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရသလို ဦးနိုင်ငံလင်းကိုတော့ ထောင်ထဲက သီးသန့်အခန်းမှာပဲ ဆေးကုသနေတာလို့ သူတို့ နှစ်ဦးရဲ့ ရှေ့နေ့ဖြစ်သူ ဒေါ်စန်းမာလာညွှန့်က ပြောပါတယ်။

“အားတော့ သိပ်မရှိဘူး။အောက်ဆီဂျင်လည်း ကောင်းတယ်၊ အဖျားလည်း မရှိဘူး။ သူက ပြောတာတော့ သူ့ကို ထောင်ဆေးရုံကနေ ဒီကိုလွှဲတယ်လို့ ပြောတယ်။ ဆရာက ဆီးကျိတ်ဆေး သောက်နေရတာလည်း ရှိတယ်။ အစာအိမ်သွေးကြော ပေါက်သလိုလည်း ဆရာရှိတယ်။ ကိုနိုင်ငံလင်းကိုတော့ ဆေးရုံကို မခေါ် သွားဘူး။ ထောင်က သူ့အခန်းမှာတင် သီးသန့်ထားတယ်”

NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းနဲ့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း တို့ဟာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မနက်ပိုင်းမှာပဲ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းဟာ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာထုတ်ပြန်တဲ့ NLD ပါတီရဲ့ကြေညာချက်ကို အကြောင်းပြုပြီး စစ်တပ်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲခံထားရတာပါ။

အဲဒီကြေညာချက်မှာ တရားဝင်အရပ်သား အစိုးရဆီက မတရားအာဏာသိမ်းတဲ့ စစ်တပ်ရဲ့ အမိန့်၊ ညွှန့်ကြား ချက်တွေဟာ တရားမဝင်ဘူးလို့ ဖော်ပြခဲ့ပါတယ်။ ဦးနိုင်ငံလင်း ကတော့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉၊ အဂတိ လိုက်စားမှုဥပဒေပုဒ်မ- ၅၅ တို့နဲ့ တရားစွဲဆိုခံထားရတာပါ။

ဦးဉာဏ်ဝင်းနဲ့အတူ ရန်ကုန်ဆေးရုံကြီးမှာ တင်ထားရတဲ့ ဒေါက်တာ မော်မော်ဦးကတော့ ဇူလိုင် ၅ နေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လက်ထက် Covid -19 ကူးစက်မှု တားဆီးထိန်းချုပ်ရေးမှာ အဓိက တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ မော်မော်ဦးဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လုပ်ခဲ့လို့ ဧပြီ ၁၂ ရက်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ-၅၀၅ (က) နဲ့ တရားစွဲခံထားရပါတယ်။

စစ်တပ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ မေ ၂၄ ရက်က ဖမ်းဆီးပြီးနောက် ရာဇသတ်ကြီးပုဒ်မ- ၅၀၅ (က) နဲ့ တရား စွဲခံထားရတဲ့ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာလည်း အင်းစိန်ထောင်ထဲမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရပေမယ့် ဆေးထောက်ပံ့မှုမရဘဲ ဖြစ်နေတယ်လို့ သူ့ရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

“မနေ့က Video conferencing နဲ့ ရုံးချိန်းလုပ်တယ်။ ရုံးချိန်းလုပ်တော့ ဒန်နီဖန်စတာကို ဖုန်းကပဲ တွေ့ရတာပေါ့။မင်း နေကောင်းရဲ့လား လို့မေးတော့ သူက Covid-19 ကူးခံထားရတယ်၊ ဆေးရလား ဆိုတော့ သူက No လို့ ပြောတယ်။ ကျွန်တော်ကတော့ ထောင်တာဝန်ခံနဲ့ ဆေးရုံကို ဒါကိုပြောပြပါလို့ ပြောလိုက်တယ်။ နောက် သူက ဒီတရားရုံးချိန်းတွေ ကြာနေတဲ့အပေါ်ပဲ စိတ်ပျက်တယ်”

အခုလို အင်းစိန်ထောင်အတွင်း ကိုဗစ်အတည်ပြုလူနာတွေ ရှိလာတာကြောင့် အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။

"ဒီအခြေအနေကြီးက ထောင်ထဲမှာရှိတဲ့သူတွေအတွက် အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်"

ရင်ကျပ်ရောဂါအခံရှိတဲ့ NLD ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်ရဲ့ ကျန်းမာရေးအတွက် သောကရောက်နေရ တယ်လို့ ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုးက RFA ကို ပြောပါတယ်။

“ဆရာကတော့ အအေးမိရင် ရင်ကျပ်တယ်။ ချောင်းဆိုးတယ်ပေါ့။ အခု Covid-19 တွေဖြစ်တယ်ဆိုတော့ ကျွန်မ အရမ်းစိတ်ပူတယ်။ အသက်ကလည်းကြီး၊ ရန်ကုန်မှာက မိုးတွေကလည်း ရွာနေတော့ ဆရာက မိုးအေးပြီ မိုးရွာပြီဆိုရင် ရင်ကျပ်တယ်။ ရင်ကျပ်တော့ ဒီ Covid -19 နဲ့ ကျွန်မက အရမ်းစိုးရိမ်တယ်”

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေကြရတဲ့ ကိုဗစ်တတိယလှိုင်းအတွင်း အင်းစိန်ထောင်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူကို ပြီးခဲ့တဲ့ မေလ ၂၅ ရက်မှာ စတင်တွေ့ရှိခဲ့တာပါ။

အင်းစိန်ထောင်အတွင်းက စစ်ခုံရုံး ၆ ရုံးနဲ့ သီးသန့်တရားရုံး ၃၈ ရုံးမှာ ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို အမှုစစ်ဆေးနေတာပါ။

ဒါကြောင့် ရှေ့နေတွေ အပါအဝင် ပြင်ပက လူ ၃၀၀ ဝန်းကျင်ဟာ နေ့စဉ်အဝင်အထွက် လုပ်နေရတာဖြစ်လို့ အဲဒီကတစ်ဆင့် အကျဉ်းသားတွေဆီကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲ့တာဖြစ်နိုင်တယ်လို့ အမှုလိုက်ရှေ့နေ တွေက သုံးသပ်ကြပါတယ်။

အင်းစိန်ထောင်ထဲ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ အကျဉ်းသားအများစုဟာ အာဏာသိမ်းပြီးနောက် စစ်တပ်ကိုဆန့်ကျင်တဲ့ အရပ်သားတွေဖြစ်ပြီး သူတို့ဟာ လုံလောက်တဲ့ ဆေးကုသမှုတွေ မရရှိကြဘူးလို့ နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပုံမှန်အခြေအနေမှာတောင်မှ ထောင်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုက အပြင်နဲ့စာရင် အများကြီး လျော့နည်းတယ်။ အများကြီး ဆိုးဝါးတဲ့ အခြေအနေဖြစ်တယ်။ အခုလိုအခြေအနေမျိုးမှာ Covid-19 ကူးစပ်တာကလည်း ဘယ်နှစ်ယောက်တွေ ကူးစပ်လို့ ကူးစပ်မှန်းတောင်သိမှာ မဟုတ်တော့ဘူး။ ထောင်ထဲက လူတွေအတွက်ကတော့ ပိုပြီးတော့ စိုးရိမ်စရာရှိတယ်ပေါ့ဗျာ။ အပြင်မှာကတော့ တစ် ယောက်နဲ့ တစ်ယောက် ဝိုင်းဝန်းပြီး ကူညီပေးလို့ ရကောင်းရနိုင်နေပေမယ့် ထောင်ထဲမှာကတော့ ဘယ်လိုမှ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကူညီပေးဖို့ ခက်ခဲတဲ့ အနေအထားမျိုးတွေဖြစ်နေတယ်။ ဒီအခြေအနေကြီးက အကျဉ်းထောင်ထဲမှာ ရှိတဲ့သူတွေအတွက် အင်မတန်မှကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်တယ်”

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေရှိနေတာကြောင့် အင်းစိန်ထောင်ကို ဇူလိုင် ၈ ရက်နေ့ကနေ ၂၁ ရက်အထိ အသွားအလာကန့်သတ် (Lockdown) လော့ဒေါင်းချထားသလို အထူးတရားရုံးတွေကိုလည်းပိတ်ထားပြီး ရက်ထပ်တိုးရမယ့် အခြေအနေရှိတယ်လို့လည်း ထောင်အာဏာပိုင်တွေက ပြောပါတယ်။

insein-prison.jpg
(အင်းစိန်ထောင်ရှေ့မှာ ဇွန်လ ၃၀ ရက်‌နေ့က လွတ်မြောက်လာမယ့်သူတွေကို မိသားစုဝင်‌တွေ စောင့်ဆိုင်းနေစဉ်)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေဟာ အင်းစိန်ထောင်မကြီးထဲမှာ ကူးစက်မှုရှိနေတာ မဟုတ်ဘဲ သီးသန့် ဆောင်တွေမှာထားတဲ့ အကျဉ်းသားတွေနဲ့ ရဲတပ်ဖွဲ့က ပို့ဆောင်လာတဲ့ အကျဉ်းသားတွေဆီမှာ တွေ့တာဖြစ်ပြီး သူတို့ကို လုံလောက်တဲ့ ဆေးကုသမှုတွေ ပေးထားနိုင်တယ်လို့ ရန်ကုန်တိုင်း အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်က RFA ကို ပြောပါတယ်။

“အင်းစိန်ထောင်ထဲမှာတော့ Covid -19 ပိုးမရှိဘူး။ ထောင်အပြင်ဘက်မှာ positive စင်တာဖွင့်ထားတယ်။ အဲဒီမှာက အပြင်ကနေ အသစ်ရောက်လာတဲ့ သူတွေကို စစ်တယ်။ စစ်လို့ ပိုးတွေ့တဲ့သူကို အဲဒီစင်တာမှာ ထားတာ။ ထောင်ထဲကို မထည့်ဘူး။ စစ်တာကတော့ ဒုတိယလှိုင်းကတည်းက စစ်တာပဲ။ အခု တတိယ လှိုင်းမှာတော့ ၅၀ လောက်ဖြစ်သွားတာပေါ့။ ဦးဉာဏ်ဝင်းတို့ ကတော့ နေမကောင်းဖြစ်လို့ဆိုပြီး ကိုယ် တို့က ဆေးရုံတင်ပေးလိုက်တာပေါ့။ သူတို့ သီးသန့်ဆောင်ဘက်က ရုံးထွက်ရုံးချိန်းတွေ ရှိနေတယ်လေ။ အဲဒီကနေပြီးတော့ နီးစပ်ပြီးတော့ ကူးစပ်တာပေါ့။ ရုံးထွက်တဲ့အချိန်မှာ အပြင်လူတွေနဲ့ ထိတွေ့မှု ရှိတာပေါ့၊ အဲဒါနဲ့ ထောင်တွင်းတရားရုံးတွေကို ရပ်လိုက်ပြီးတော့မှ ဆီမီးလော့ဒေါင်းချလိုက်တာပေါ့”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့အကျဉ်းသားတွေကို အကျဉ်းထောင်အတွင်း သီးခြားအဆောင်တစ်ခုမှာထားပြီး ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်း ၂၀ ဦးက ဆေးကုသမှုပေးနေတယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

အကျဉ်းသားတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်း (ICRC) ကတော့ သူတို့အနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် အကျဉ်းထောင်တွေကို မသွားနိုင်တော့တာ ၂၀၂၀ မတ်လကတည်းကဖြစ်ပေမယ့် အခက်အခဲတွေကြားကပဲ ကိုဗစ်နဲ့ပတ်သက်လို့ အကျဉ်းသားတွေကို ကူညီထောက်ပံ့မှုအချို့ လုပ်နိုင်ခဲ့တယ်လို့ ICRC ရဲ့ မြန်မာနိုင်ငံ ပြန်ကြားဆက်သွယ်ရေးဌာန မန်နေဂျာ Jacqueline Fernandez က အီးမေးလ်ကတဆင့် RFA ရဲ့ မေးမြန်းမှုကို ဖြေကြားပါတယ်။

အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ဘေးကင်းလုံခြုံစွာ အိမ်ပြန်နိုင်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ရပ်အနေနဲ့ Covid-19 နဲ့ဆက်စပ်ပြီး အကျဉ်းသားတွေအတွက် ငွေကြေးထောက်ပံ့မှု အပါအဝင် တစ်ကိုယ်ရေသုံး ပစ္စည်းတွေနဲ့ Covid-19 ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးပို့နိုင်ဖို့ အာဏာပိုင်တွေဆီကို ကမ်းလှမ်းထားတယ်လို့ သူက ပြောပါတယ်။

အင်းစိန်ထောင်ထဲမှာ အကျဉ်းသား တစ်သောင်း ဝန်းကျင်ရှိတယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီထဲမှာ အကျဉ်းသား နှစ်ထောင်ဝန်းကျင်ဟာ အာဏာသိမ်းပြီး ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ AAPP ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့ စာရင်းတွေအရ သိရပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာမှာတော့ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း စစ်တပ်က ဖမ်းဆီးထားသူ ၅၂၆၉ ဦးအထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။