ချင်းမှာ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမ အင်အား လုံလောက်မှုမရှိဘူး လို့ ဝန်ကြီးပြော
2018.06.03
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ အောင်ချက်အနည်းဆုံးဖြစ်တဲ့ ချင်းပြည်နယ်မှာ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမ အရေအတွက် လုံလောက်မှုမရှိဘူးလို့ ချင်းပြည်နယ်ဝန်ကြီး က ဒီနေ့ ပြောပါတယ်။
၁၆.၆၄ ရာခိုင်နှုန်းနဲ့ အောင်ချက်အနည်းဆုံးဖြစ်ရတာဟာ ဘာသာရပ်အလိုက်သင်ကြားပေးတဲ့ ဆရာ ဆရာမ အင်အား လုံလောက်မှုမရှိတာကြောင့်ဖြစ်တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန် က ပြောပါတယ်။
"ကျနော်တို့က အနည်းဆုံးပေါ့နော်၊ အဓိက ကတော့ ချင်းပြည်နယ်ရဲ့ ပညာရေး အခြေခံပညာမှာ ဆယ်တန်း အောင်ချက် မြင့်မားဖို့ကတော့ ပြီးခဲ့တဲ့နှစ်ကတော့ တတ်နိုင်သလောက်တော့ တက္ကသိုလ်ဆရာမတွေနဲ့ မွမ်းမံ သင်တန်းပေါ့နော်၊ သင်တန်းတွေပေးထားတယ်၊ ဒါပေမဲ့ အဓိက လိုအပ်ချက်က ဘာသာပြဆရာတွေ စုံစုံလင်လင် မရနိုင်တဲ့ အနေအထားရှိပါတယ်၊ ပြီးတော့ Quality Teachers ပေါ့နော်၊ အဲဒါလည်းလိုပါတယ်၊ ဘာဖြစ်လို့လဲ ဆိုရင် သူပြတဲ့ဘာသာရပ်ကို ပိုင်ပိုင်နိုင်နိုင် သင်ပြနိုင်တဲ့ ဆရာများလိုပါတယ်၊ ဒါ့ကြောင့် Quality Teachers ရနိုင်ဖို့ နံပါတ်တစ်ဖြစ်တယ်၊ ပြီးရင် လိုအပ်တဲ့ကျောင်းတွေမှာ လိုအပ်တဲ့ကျောင်းဆရာများ ချပေးနိုင်ဖို့ အရေးကြီးတယ်လို့ ကျနော်မြင်ပါတယ်"
မနေ့က ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မန္တလေးတိုင်းက အောင်မြင်တဲ့ ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ချင်းပြည်နယ်က အနည်းဆုံးဖြစ်နေပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် စာရင်းအရ မန္တလေးတိုင်း ဒေသကြီးမှာ ဖြေဆိုသူ တစ်သိန်းတစ်သောင်းကျော်ထဲမှာ အောင်မြင်သူ ၄သောင်းကျော်နဲ့ အောင်ချက် အကောင်းဆုံး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက အောင်ချက် ဒုတိယအများဆုံးဖြစ်ပြီး တတိယအောင်ချက် ကောင်းတဲ့ ပြည်နယ်ကတော့ မွန်ပြည်နယ်ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ဖြေဆိုသူ တစ်သောင်းဝန်းကျင်မှာ အောင်မြင်သူ ၁၆၀၀ ကျော်နဲ့ အောင်ချက် ၁၆.၆၄ ရာခိုင်နှုန်းနဲ့ အောင်ချက်အနည်းဆုံး ပြည်နယ်တစ်ခု ဖြစ်နေပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ရခိုင်ပြည်နယ်က ၁၇.၁၆ ရာခိုင်နှုန်းနဲ့ အောင်ချက်အနည်းဆုံးဖြစ်ပြီး ချင်းပြည်နယ်ကတော့ ဒုတိယ အောင်ချက်အနည်းဆုံး ပြည်နယ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်ဟာ ဖြေဆိုသူအရေအတွက်ရဲ့ ၂၁.၄၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။
မကွေးတိုင်းအတွင်းမှာ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းလုံးကျွတ်မအောင်တဲ့ အထက်တန်းကျောင်း ၁၆ ကျောင်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်မှာ မကွေးတိုင်းက အောင်ချက် ၃၁.၇၁ ရာခိုင်နှုန်းနဲ့ မနှစ်ကထက် အောင်ချက် ကျခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက် ၃၂.၈၂ ရာခိုင်နှုန်းရှိပြီး မနှစ်က ထက် အောင်ချက် တစ်ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။