စစ်ကိုင်းတိုင်းက မြို့နယ် ၂၃ ခုမှာ အင်တာနက်အမြန်နှုန်း လျှော့ချခံရ
အရပ်သား လက်နက်ကိုင်ခုခံမှု အများဆုံးဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းအတွင်းက မြို့ နယ် ၂၃ ခုမှာ မတ် ၃ ရက် မနေ့ ည ၁၁ နာရီကစပြီး မိုဘိုင်းလ်အင်တာနက်လိုင်း အမြန်နှုန်း ကို 4G ကနေ 2G အထိ လျှော့ချခံလိုက်ရပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ပြင်ဆင် နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီကနေ့မနက် ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့စာရင်းတွေအရ အင်တာနက်အမြန် နှုန်း လျှော့ချခံရတဲ့ မြို့နယ်တွေထဲမှာ စစ်ကိုင်းတိုင်းက ချောင်းဦး၊ ဆားလင်းကြီး၊ မြောင်၊ ခင်ဦး၊ ဒီပဲယင်း၊ ဝက်လက်၊ ရေဦး၊ မြင်းမူ၊ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကန့်ဘလူ၊ တန့်ဆည်၊ မင်းကင်း၊ ကလေးဝ၊ တမူး၊ မော်လိုက်၊ အင်းတော်၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ ကျွန်းလှ၊ ခန္တီး၊ လဟယ်မြို့နယ်တွေ ပါဝင်ပါတယ်။
"အင်တာနက် ရရင်တောင်မှ တစ်ခါတလေ အင်တာနက်တော့ရတယ် တကယ်သုံးလို့မရဘူး"
အဲဒီမြို့နယ်တွေထဲက ဝက်လက်၊ ထီးချိုင့်၊ ဆားလင်းကြီး၊ ခင်ဦး၊ ရေဦး၊ မြောင်၊ ကသာ၊ ဒီပဲယင်း၊ တန့်ဆည်၊ မြင်းမူ မြို့နယ်တွေက ဒေသခံတွေကို RFA က ဆက်သွယ်မေးမြန်း ခဲ့ရာမှာ မနေ့ညကတည်းက အင်တာနက် 2G အထိ လျှော့ချခံရတာလို့ ပြောပါတယ်။
အခုလို အင်တာနက်အမြန်နှုန်းကို လျှော့ချခံလိုက်ရတာကြောင့် သတင်းအချက်တွေ ကြည့် ရှုနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရေဦးမြို့နယ်က ဒေသခံ ကိုဆိုလိုက ပြောပါတယ်။
“မနေ့ ည ၁၀ နာရီခွဲလောက်က အင်တာနက်လိုင်း ပြတ်သွားတယ်။ အခုချိန်ထိ မရ သေးဘူး၊ 2 G နဲ့ E တော့ ရတယ်။ 4 G မရတာပေါ့။ အင်တာနက်လိုင်း နှိမ့်လိုက်တယ် ခေါ်မလား၊ ဒီနယ်မြေတွေမှာက သူတို့ရဲ့ အုပ်ချုပ်မှုက မြို့လောက်ပဲကျန်တဲ့ အနေထား ဖြစ်နေတယ်။ တော်လှန်ရေးအရှိန် ကောင်းတယ် ပြောရမှာပေါ့။ 2G ဆိုတော့ ဘာမှလုပ် မရဘူးပေါ့”
ပြည်သူလူထုက နိုင်ငံတစ်ဝန်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်ရာမှာ အခု အင်တာနက် အမြန်နှုန်း လျှော့ချခံရတဲ့ မြို့နယ်တွေဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်မှု အားအကောင်းဆုံး ဒေသတွေဖြစ်တာမို့ စစ်တပ်က အထူးစစ်ဆင်ရေး လုပ်ဆောင်ဖို့ ကြိုတင်ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုပါတယ်။
NLD အစိုးရ လက်ထက်တုန်းကလည်း စစ်တပ်က ၂၀၁၉ ဇွန်လ ၂၁ ရက်ကစပြီး ရခိုင် ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသတွေမှာ အင်တာနက် ဖြတ်တောက် ခဲ့ပြီးတဲ့နောက် ရက္ခိုင့်တပ်တော် (AA) ကို အကြီးအကျယ် ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့က ကိုစိန်ကျော်ကတော့ ဖြစ်လာ နိုင်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ RFA ကို ပြောပါတယ်။
“အင်တာနက်ပြတ်တောက်မှုအပေါ် ဘာတွေများ တုံ့ပြန်မလဲ၊ ဆိုက်ဝါး သို့မဟုတ် ဒီတိုင်း အပြန်လှန်အနေနဲ့ တုံ့ပြန်မှု သိချင်တာလား၊ ဒါမှမဟုတ် သူတို့ တခြားလှုပ်ရှားမှု ကြားထားတာရှိတယ်။ အဲဒီလှုပ်ရှားမှုကို အဲဒီအတိုင်းသွားဖို့ လမ်းစဉ်ရှိလို့ ဒီနေရာတွေကို အင်တာနက် ဖြတ်တောက်တာလားပေါ့၊ အင်တာနက် ဖြတ်တောက်တာကတော့ မကောင်းဘူးပေါ့၊ အွန်လိုင်းသုံး လုပ်နေတာကို၊ ဖြတ်လေးဖြတ် လုပ်မယ်ဆိုတာ သိပါ တယ်။ အရန်အစီစဉ်တွေတော့ ရှိပါတယ်”
လတ်တလောမှာတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်တွေမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီဘက်ကလည်း စစ်ရဟတ်ယာဉ်အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။
အခုလို အင်တာနက်ဖြတ်တောက်မှုတွေနဲ့ အင်တာနက်အမြန်နှုန်း လျှော့ချမှုတွေကို အဓိက အမိန့်ပေးတဲ့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန် ကြားမှု ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဒီကနေ့ မနက်ပိုင်းမှာ ဆက် သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသိရသေးဘူးလို့ ပြောပါတယ်။
ဒီအကြောင်း အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်း ထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရ သေးပါဘူး။
ဒါ့အပြင် RFA က ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနောမြန်မာရဲ့ ရန်ကုန် ရုံးချုပ်ကို အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမယ့်လည်း အကြောင်းမပြန်လာသေး ပါဘူး။

လက်နက်ကိုင်ပုန်ကန်မှု အားကောင်းတဲ့နေရာတွေမှာ သတင်းစီးဆင်းမှုတွေဟာ သူတို့ကို ထိခိုက်တယ်လို့ စစ်ကောင်စီအနေနဲ့ ယူဆတာကြောင့် အခုလို လုပ်တာဖြစ်ပြီး ရှေ့လျှောက် အခုထက် ပိုလုပ်လာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အိုင်တီနည်းပညာရှင် တစ်ဦးက RFA ကို ပြောပါတယ်။
“Information (သတင်း) စီးဆင်းမှုက နည်းနည်း နှေးသွားတာပေါ့။ အဲဘက်မှာရှိတဲ့ လူတွေက ဖေ့စ်ဘွတ်ခ်ပေါ်ကနေပြီးပဲ ဖြစ်ဖြစ်၊ Information အချင်းချင်း မျှဝေတာပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားနဲ့ ဆက်သွယ်တာပဲဖြစ်ဖြစ် ခက်ခဲသွားတယ်လေ။ နောက်ဆုံး နှောင့် နှေးသွားတယ်။ အင်တာနက် ရရင်တောင်မှ တစ်ခါတလေ အင်တာနက်တော့ရတယ် တကယ်သုံးလို့မရဘူး။ Click to Donate လိုဟာမျိုးတွေကို လူတွေက မလုပ်ပေးနိုင် တော့ဘူး။ အဲဒီအတွက်ကြောင့် ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမှာ ရာခိုင်နှုန်းတစ်ခုအထိ တော့ ဒါအနှောင့်အယှက်ရှိတာပဲ။ Information စီးဆင်းတာသည် ထိခိုက်တယ်ဆိုရင် တော့ သူတို့က လုပ်မှာပဲ။ ပိုဆိုးတာက စစ်ကိုင်းတိုင်းလို တော်လှန်အင်အားစုတွေ အားကောင်းတဲ့နေရာမျိုးမှာ သူတို့က ရှေ့လျှောက်ပိုပြီးတော့ လုပ်လာဖို့ပဲရှိတယ်လို့ မြင်တယ်”
အင်တာနက်သုံးစွဲခွင့်ရဖို့ဟာ လူတိုင်းရသင့်တဲ့အခွင့်အရေးဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်ခံရတာ၊ လိုင်းဆွဲအား လျှော့ချခံရတာတွေအပြင် ဖိုက်ဘာအင်တာနက်လိုင်းတွေပါ နှေးကွေးနေတယ်လို့လည်း ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၃၅ မြို့နယ်မှာ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ဝန်းသို၊ ဘုတလင်၊ ပင်လည်ဘူး၊ ကောလင်းမြို့တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဖြတ်တောက်ခံထားရတာပါ။ စစ်ကိုင်းတိုင်းအတွင်း မုံရွာ၊ စစ်ကိုင်း၊ ကလေးနဲ့ ရွှေဘိုမြို့ နယ်တွေကတော့ အင်တာနက်ဖြတ်တောက်မှု မခံရသေးပါဘူး။