ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပနေတဲ့ ILO အထူးဆွေးနွေးပွဲကနေ ပြီးခဲ့တဲ့ တနင်္လာနေ့က အခုလို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ILO က ချမှတ်ထားတဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှု ရပ်ဆိုင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံက ဘယ်လောက်လိုက်နာသလဲဆိုတာ ၁၉၉၉ ခုနှစ်ကတည်းက ILO အဖွဲ့ချုပ် ကျွမ်းကျင်သူများကော်မတီက စောင့်ကြည့်ခဲ့ပြီး မြန်မာအစိုးရက လိုက်နာဆောင်ရွက်မှု ရှိခဲ့တာကြောင့် ILO နဲ့ မြန်မာအစိုးရတို့ အခုလို ပထမဦးဆုံးအကြိမ် သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရနဲ့ ILO တို့ အခုလို သဘောတူညီမှု ရသွားတာကို ကြိုဆိုကြောင်း ILO ညီလာခံကို တက်ရောက်နေတဲ့ ထိုင်း မြန်မာ နယ်စပ်အခြေစိုက် (FTUB) မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။
"ဒီနှစ်မှာတော့ သူတို့က အဲဒီလို ဥပဒေကိုလည်း ပြင်တယ်ဆိုတာကို သတင်းစာထဲမှာထုတ်တယ်။ နောက်ထပ်တစ်ခါ သူတို့ ဒီအပြစ်ပေးအရေးယူတယ် ဆိုတဲ့ဟာတွေလည်းပါတယ် ဆိုတော့ အဲတာတွေကို သူတို့သက်သေပြနိုင်ပြီပေါ့နော်။ နောက်ထပ်တစ်ခါ ဗိုလ်ချုပ်မင်းအောင်လှိုင်ကပြောတဲ့ ကိစ္စ၊ သမ္မတ ဦးသိန်းစိန်က မေဒေးနေ့တုန်းကပြောတဲ့ ကိစ္စတွေ ကြည့်ပြီးတဲ့အခါမှာ အားလုံးက ဒါဆိုလို့ရှိရင်လည်း ဒီလောက်အတိုင်းအတာအထိ ဆိုရင်လည်း ဒါကို သဘောတူပါတယ်။ ရှေ့ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေးလုပ်ပါဆိုပြီး သဘောတူညီမှုရတာ"
ILO နဲ့ သဘောတူညီမှု ရလာအောင် မြန်မာအစိုးရက ဆောင်ရွက်ချက်တွေထဲမှာ ၁၉၀၇ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ မြို့ပြနဲ့ ကျေးရွာအက်ဥပဒေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ဖျက်သိမ်းပေးခဲ့တာမျိုး ၊ သမ္မတဦးသိန်းစိန်က နိုင်ငံအတွင်း အဓမ္မခိုင်းစေမှု လုံးဝပပျောက်အောင် လုပ်ဆောင်သွားမယ်လို့ သူ့မိန့်ခွန်းမှာ ပြောဆိုတာမျိုး၊ ကလေးစစ်သား စုဆောင်းတဲ့ တပ်မတော်သားတွေကို အရေးယူမယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမိန့်ထုတ်ထားတာမျိုး၊ အလုပ်သမား သမဂ္ဂတွေ မှတ်ပုံတင်ခွင့် ပေးတာမျိုး စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
FTUB အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။