မောင်တောကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး သွားရောက်
2018.01.13

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Mr Tarokono နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr Tateshi Higuchi တို့ဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသကို တပ်မတော်ရဟတ်ယာဉ်နဲ့ ဒီနေ့ သွားရောက်လေ့လာခဲ့ ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောမြို့နယ် ပန်းတောပြင် မွတ်စလင်ကျေးရွာက အခြေအနေတွေကို လာရောက်လေ့လာခဲ့တယ်လို့ ပန်းတောပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါက ပြောပါတယ်။
"ပန်းတောပြင်ကျေးရွာအုပ်စုမှာ မီးလောင်သွားတဲ့ နေအိမ်တွေကို အစိုးရကနေပြီးတော့မှ ၂၂ လုံး ဆောက်ပေး တာရှိပါတယ်၊ အဲဒီနေရာကို လာကြည့်သွားတာပါ၊ ပန်းတောပြင်အောက်စု အလယ်ရွာဆိုတဲ့ အဲဒီရွာကိုလာ ပြီးတော့ ကျနော်တို့ကို အာရဗီစာသင်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို လာကြည့်ရှုပါတယ်"
မောင်တောမြို့နယ် တောင်ဘက်မှာရှိတဲ့ ပန်းတောပြင်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်းက ဖြစ်စဉ်တွေအတွင်း နေအိမ်အချို့ မီးလောင်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး အစိုးရအစီအစဉ်နဲ့ အဲဒီနေအိမ်တွေကို ပြန်လည်ဆောက်လုပ်နေတဲ့ အခြေအနေတွေကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့မွတ်စလင်တွေကို ပြန်လည်လက်ခံမယ့် မောင်တောမြို့နယ်မြောက်ဘက်ပိုင်း တောင်ပြိုလက်ဝဲမြို့နယ်ခွဲကိုလည်း ဆက်လက်လေ့လာခဲ့ပါတယ်။
အဲဒီခရီးစဉ်မှာ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့လည်း အတူလိုက်ပါ ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ကနေ တစ်ဘက်နိုင်ငံကို ထွက်ပြေးသွားသူတွေကို ပြန်လည်နေရာချထားရေးအတွက် ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ သုံးသန်းတန်ဖိုးရှိတဲ့ ပစ္စည်းတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးက မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။