ဂျပန်-မြန်မာ လေတပ် ပထမဆုံးအကြိမ် အစည်းအဝေး


2019.11.19
japan-air-622.jpg ဂျပန်လေတပ်က Koku-Jieitai C-2 လေယာဉ်ကို ရန်ကုန်‌လေဆိပ်မှာတွေ့ရစဉ်
Photo: www.mod.go.jp

ဂျပန်-မြန်မာ တပ်မတော်လေတပ် ဆက်ဆံရေးတိုးမြှင့်တဲ့အနေနဲ့ ဂျပန်လေတပ်က ထောက်ပို့လေယာဉ် Koku-Jieitai C-2 အမျိုးအစားဟာ ရန်ကုန်လေဆိပ်ကိုရောက်ရှိလာပြီးတော့ တပ်မတော်လေအရာရှိတာဝန်ရှိသူတွေ ပထမဆုံးအကြိမ် အစည်းဝေးပြုလုပ်ခဲ့တယ်လို့ ဂျပန်လေတပ်က နိုဝင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။

ဂျပန်လေတပ်က ထုတ်ပြန်တဲ့ ဓါတ်ပုံမှာတော့ ကာဝါဆာကီ အင်ဂျင်နှစ်လုံးထိုး C-2 ထောက်ပို့ယာဉ်အမှတ် ၂၀၉ ဖြစ်ပြီး၊ ခရီးစဉ်မှာ လေတပ်သားတွေနဲ့ အရာရှိ စုစုပေါင်း ၄၀ ဝန်းကျင် လိုက်ပါလာတာတွေ့ရပါတယ်။

ဒါပေမဲ့ ခရီးစဉ်ကို ဘယ်သူက ဦးစီးတယ်ဆိုတာတော့ ဖော်ပြထားခြင်းမရှိပါဘူး။ ဂျပန်လေတပ်ရဲ့ ပထမဆုံးခရီးစဉ် ကို တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ်ရုံးနဲ့ တပ်မတော်-လေတို့ရဲ့ သတင်းစာမျက်နှာတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

ဂျပန်နိုင်ငံ ကိုယ်ပိုင်ကာကွယ်ရေးလေတပ်ဘက်က သတင်းထုတ်ပြန်ချက်တွေအရ ကာကွယ်ရေးစနစ်မပါတဲ့ ရိုးရိုး C-2 ထောက်ပို့လေယာဉ်ဖြစ်ပြီးတော့ နှစ်နိုင်ငံ အဆင့်မြှင့်တင်တဲ့ ချစ်ကြည်ရေးလည်ပတ်တဲ့သဘောမျိုးပဲ ဖြစ်တယ်လို့ တပ်မတော်သားဟောင်းတွေ ဦးစီးတည်ထောင်တဲ့ သေနင်္ဂမဟာဗျူဟာ အင်စတီကျူ့အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောပါတယ်။



ဒီခရီးစဉ်မှာ စစ်ဖက်ရေးရာကိစ္စတွေ ဆွေးနွေးခဲ့ကြတာ ရှိ၊ မရှိ မသိရပါဘူး။ နှစ်ဦးနှစ်ဖက် ခရီးစဉ်တွေဖြစ်ပေါ်ရေး တခြားနိုင်ငံတွေနဲ့ပါ ဆောင်ရွက်မယ့်အကြောင်းပဲ ဂျပန်လေတပ်ဘက်က အကြမ်းဖျင်းဖော်ပြထားပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီနေ့ နေ့လည်အထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဂျပန်လေတပ်က ရောက်ရှိလာတဲ့ C-2 အမျိုးအစားဟာ တပ်ပိုင်းဆိုင်ရာအပြင် နယူးဇီလန်နဲ့ နာမည်ကျော် အီးမရိတ် United Arab Emirates လေကြောင်းလိုင်းတွေကိုပါ စီးပွားဖြစ်ရောင်းချတဲ့ လေယာဉ်အမျိုးအစား လည်းဖြစ်ပါတယ်။

တပ်မတော်ရဲ့ ၂၀၁၇ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ရတာကို UN က လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ထားပါတယ်။

ပြင်းထန်တဲ့ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်တာခဲ့တာကြောင့် မြန်မာ့တပ်မတော်ကို ကုလအချက် အလက်ရှာဖွေရေးမစ်ရှင် FFM က နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘဏ္ဍာရေးနဲ့ တခြားအကူအညီတွေ ဖြတ်တောက်ပြီး တပ်မတော်ကို ဝိုင်းပယ်ကြဖို့ တိုက်တွန်းထားတာရှိပါတယ်။

ဥရောပနိုင်ငံများအဖွဲ့ EU က မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှုနဲ့ မြန်မာ့တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၁၄ ဦးအပေါ် ပိတ်ဆို့အရေးယူမှုတွေကို နောက်နှစ် ဧပြီလ ၃ဝ ရက်နေ့အထိ သက်တမ်း တစ်နှစ် တိုးထားပါတယ်။

ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံတွေက မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခြင်းပိတ်ပင်ထားပါတယ်။ ဒီကြားထဲကပဲ တောင်ကိုးရီးယားနိုင်ငံ ဒေဆန်း ကုမ္ပဏီက တပ်မတော်အတွက် ကြည်း-ရေ-လေ ဘက်စုံသုံး LPD Makassar အမျိုးအစား စစ်သင်္ဘောကို တည်ဆောက်ပေးခဲ့ပါတယ်။ အဲဒီသင်္ဘောဟာ မြန်မာ့ရေတပ်မှာ  အကြီးဆုံးသင်္ဘော အဖြစ်မှတ်တမ်းဝင်ပါတယ်။

လက်နက်ဝယ်ခွင့်အပိတ်ခံ မြန်မာကို စစ်သင်္ဘောရောင်းချတာကြောင့် ကိုးရီးယားကုမ္ပဏီကို လန်ဒန်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ Burma Campaign UK က အမည်ပျက်စာရင်းသွင်းမယ်လို့ RFA ကို ပြောဆိုထားပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်သီးခေါင်းဆောင်တွေဟာ ၂၀၁၇ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ လက်ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ တရားစွဲဆိုခံထားရပါတယ်။ အခုလို နိုင်ငံတကာ အာရုံစိုက်မှုများနေချိန်မှာ ဂျပန်လေတပ်က တိတ်တဆိတ်ရောက်ရှိလာပြီး နှစ်နိုင်ငံလေတပ်ဆက်ဆံရေးတိုးမြှင့်ဖို့ ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။