မြန်မာအနုပညာရှင်တွေကို ကူညီဖို့ ဂျပန်သတင်းထောက်နှစ်ဦး စီစဉ်

RFA Burmese
2023.02.16
မြန်မာအနုပညာရှင်တွေကို ကူညီဖို့ ဂျပန်သတင်းထောက်နှစ်ဦး စီစဉ် ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလက အင်းစိန်ထောင်မှ ပြန်လွတ်လာပြီးနောက် ဂျပန်နိုင်ငံတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာနှင့်အတူ တွေ့ရသည့် သတင်းထောက် ယူကီကီတာဇူမီ။
AFP

မြန်မာနိုင်ငံက သတင်း စာနယ်ဇင်း၊ ရုပ်ရှင်နဲ့ အနုပညာနယ်ပယ်က မိတ်ဆွေတွေကို ပံ့ပိုးကူညီဖို့အတွက် Docu Athan လို့ အမည်ပေးထားတဲ့ အစီအစဉ်တစ်ခုကို ဂျပန်နိုင်ငံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရဖူးတဲ့ ဂျပန်သတင်းထောက် ယူကီကီတာဇူမီနဲ့ တိုရူကူဘိုတာတို့ ပူးပေါင်းပြီး ဒီအစီအစဉ်ကို စတင်လိုက်တာပါ။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်၊ ဖမ်းဆီးမှုတွေကြားကနေ ပုန်းရှောင်ထွက်ပြေးနေရတဲ့ သတင်းသမားတွေ၊ အနုပညာရှင်တွေကို အထောက်အပံ့ပေးဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

Docu Athan လို့ ခေါ်တဲ့ အင်တာနက်ဝဘ်ဆိုက် စာမျက်နှာ( https://www.docuathan.com ) ကို လွှင့်တင်လိုက်ပြီး အင်္ဂလိပ်၊ ဂျပန် နှစ်ဘာသာနဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံမှတ်တမ်းတွေကို စုစည်းဖော်ပြတာဖြစ်ပါတယ်။

အဲဒီဝဘ်ဆိုက်ကတစ်ဆင့် သတင်းသမားတွေ၊ အနုပညာရှင်တွေကို တိုက်ရိုက်အလှူငွေ ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။

ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီက… "မြန်မာပြည်က မီဒီယာသမားတွေဟာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတယ်။ မီဒီယာသမား တစ်ယောက်အနေနဲ့ ကိုယ်နဲ့မဆိုင်ဘူးလို့ မနေနိုင်တာကြောင့် ကူညီဖို့စခဲ့တာ"လို့ ပြောပါတယ်။

ယူကီ ကီတာဇူမီဟာ စစ်တပ်အာဏာသိမ်း အစောပိုင်းကာလမှာ ဆန္ဒပြပွဲသတင်းယူနေချိန်မှာ နှစ်ကြိမ် အဖမ်းခံခဲ့ရပြီး ထောင်တစ်လ ကျခံခဲ့ရသူ ဖြစ်ပါတယ်။

သတင်းထောက် တိုရူ ကူဘိုတာကတော့ အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ၊ ရန်ကုန်မြို့က ပြောက်ကျားဆန္ဒပြပွဲတစ်ခုအတွင်း မှတ်တမ်းရိုက်ယူရင်း ဖမ်းဆီးခံရတာ ဖြစ်ပြီး ထောင်သုံးလကျော် ကျခံခဲ့ရပါတယ်။

ဒီသတင်းထောက်နှစ်ဦးဟာ မြန်မာစစ်ကောင်စီရဲ့ ထောင်တွင်းနှိပ်စက်မှုတွေကို နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထုတ်ဖော်ပြောဆိုထားကြပြီး စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့ဖို့ တောင်းဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။