ဂျပန်နိုင်ငံသား တိုရူကူဘိုတာကို အီလက်ထရွန်နစ်ပုဒ်မ ထပ်တိုးမယ်လို့ စစ်ကောင်စီပြော

2022.08.18
Share on WhatsApp
Share on WhatsApp
ဂျပန်နိုင်ငံသား တိုရူကူဘိုတာကို အီလက်ထရွန်နစ်ပုဒ်မ ထပ်တိုးမယ်လို့ စစ်ကောင်စီပြော ဖမ်းဆီးခံထားရသည့် ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာ (Toru Kubota) ကို တွေ့ရစဉ်
Photo Credit 岡口 巽

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ တိုရူကူဘိုတာ (Toru Kubota) ကို အရင် အမှုဖွင့်ထားတဲ့ ပုဒ်မနှစ်ခုအပြင် နောက်ထပ် အီလက်ထရွန်နစ်ပုဒ်မတစ်ခုနဲ့ပါ ထပ်တိုး အရေးယူဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော် ရှင်းရှင်းလင်းလင်းပဲပြောမယ်။ ကျနော်တို့အနေနဲ့ သူ့ကို အမှုသုံးခုနဲ့ စွဲဖို့ လုပ်နေတယ်။ နံပါတ်တစ်အမှုသည် ဗီဇာဖောက်ဖျက်မှု၊ နံပါတ်နှစ်က ၅၀၅ အမှု ဆန္ဒပြတဲ့ အထဲမှာပါတယ်။ နံပါတ်သုံးဟာ အီလက်ထရွန်နစ်အမှု၊ ဒါ တရားမစွဲရသေးဘူး”

တိုရူကူဘိုတာကို ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က)၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ - ၁၃ (၁) ဗီဇာ စည်းကမ်းဖောက်ဖျက်မှု စတဲ့ ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ဩဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

သူ့ကို မကြာခင် ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဂျပန်အောက်လွှတ်တော်အမတ် မစ္စတာ ဟီရို မီချီ ဝါတာနာကို ကတိပေးခဲ့တယ်လို့ ဂျပန်သတင်းဌာန The Japan Times က ဩဂုတ်လ ၁၇ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ လွှတ်ပေးမယ်လို့ တိုက်ရိုက်ပြောခဲ့တာ မရှိဘဲ ဂျပန်နိုင်ငံသားတစ်ဦး ကျူးလွန်တဲ့ ဒီလို အမှုတွေအတွက် ခွင့်မလွှတ်နိုင်စရာ မရှိဘူးလို့ ပြောခဲ့တာသာ ဖြစ်ကြောင်း၊ လွှတ်ခြင်း၊ မလွှတ်ခြင်းကတော့ အခုအမှုတွေပြီးလို့ တရားရုံးဆုံးဖြတ်ချက်ကျပြီးမှ ဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုရူကူဘိုတာဟာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့က ခရီးသွားဗီဇာနဲ့ ထိုင်းနိုင်ငံကနေ တစ်ဆင့် ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းမှာ တောင်ဒဂုံမြို့နယ် City Mart အနီးမှာ လူ ၁၅ ဦးခန့် ပါဝင်တဲ့ ဆန္ဒပြမှုကို ဖုန်း၊ ကင်မရာ တွေနဲ့ မှတ်တမ်းတင်နေစဉ် ထိန်းသိမ်းခဲ့တာလို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သူဟာ ဇူလိုင်လ ၂၉ ရက်နေ့ကတည်းက ဆန္ဒပြတဲ့သူတွေနဲ့ ဆက်သွယ်ပြီး ဆန္ဒပြမယ့် နေရာကို ချိန်းဆိုခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ အခုနောက်ပိုင်းမှာတော့ ဂျပန်နိုင်ငံသား တိုရူကူဘိုတာ ကိုယ်တိုင် ဆန္ဒဝင်ပြတယ်ဆိုတဲ့ ဓာတ်ပုံတစ်ပုံကိုပါ စစ်ကောင်စီဘက်က ထုတ်ပြန်လာပါတယ်။

တိုရူကူဘိုတာကို ပြန်လွှတ်ပေးဖို့ ၂ဝ၂၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာလည်း ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့သလို ဂျပန်အစိုးရကလည်း အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံသား သတင်းထောက် Yuki Kitazumi လည်း အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးခဲ့ပါတယ်။

သူကတော့ မြန်မာပြည်ကို ဂျာနယ်လစ်ဗီဇာနဲ့ ဝင်လာသူဖြစ်ပြီး ဆန္ဒပြပွဲတွေကို ဓာတ်ပုံရိုက်ပြီး သူ့အလုပ်သူ လုပ်တဲ့သူဖြစ်လို့ ပြန်လွှတ်ပေးခဲ့တာလို့ မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။