စစ်ရာဇဝတ်မှုတွေမှာရင်းနှီးမြှုပ်နှံမှု အဆုံးသတ်ဖို့ Airbus ကို အဖွဲ့ ၃၀၀ ကျော်တောင်းဆို

RFA Burmese
2024.12.12
စစ်ရာဇဝတ်မှုတွေမှာရင်းနှီးမြှုပ်နှံမှု အဆုံးသတ်ဖို့ Airbus ကို အဖွဲ့ ၃၀၀ ကျော်တောင်းဆို ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက ဆန္ဒပြပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ရင်းနှီးမြှုပ်နှံမှုတွေအဆုံးသတ်ဖို့ မြန်မာ့ တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၁၁ ဖွဲ့က Airbus ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့လိုက်ကြောင်း Justice For Myanmar က ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ပါတယ်။

ဒီအိတ်ဖွင့်ပေးစာထဲမှာ စစ်ကောင်စီအတွက် စစ်လေယာဉ်တွေ နဲ့ ပြုပြင်ထိန်းသိမ်းရေး အဓိကပံ့ပိုးနေတဲ့ တရုတ်လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) က နဲ့ ပူးပေါင်းဆောင်ရွက်မှု အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။

Airbus ကုမ္ပဏီဟာ AVIC ရဲ့ အဓိက ရင်းနှီးမြှုပ်နှံသူ နဲ့ မိတ်ဖက်ဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

AVIC နဲ့ သူ့ရဲ့လက်အောက်ခံ ကုမ္ပဏီတွေအပေါ် Airbus ရဲ့ ဩဇာလွှမ်းမိုးမှုကို အသုံးပြုပြီး စစ်လေယာဉ်တွေ၊ လက်နက်တွေ နဲ့ ဆက်စပ်ပစ္စည်းတွေကို မြန်မာစစ်တပ်ထံ လွှဲပြောင်းပေးတာတွေ ရပ်တန့်ပြီး ထောက်ပံ့ပေးထားတဲ့ လေယာဉ်တွေကို ပြုပြင်ထိန်းသိမ်း မွမ်းမံတာတွေကို ရပ်ဆိုင်းဖို့ ဒီအဖွဲ့တွေ က တောင်းဆိုပါတယ်။

AVIC က မြန်မာစစ်ကောင်စီ နဲ့ လုပ်ငန်းအားလုံး အဆုံးသတ်ဖို့ ငြင်းဆိုခဲ့ရင် Airbus ကုမ္ပဏီအနေနဲ့ AVIC နဲ့ ဆက်ဆံရေးကို တာဝန်သိသိနဲ့ ဖြတ်တောက် အဆုံးသတ်ဖို့လည်း ဒီအဖွဲ့တွေက တောင်းဆိုပါတယ်။

Airbus ကုမ္ပဏီကို အိတ်ဖွင့်ပေးစာပေးပို့တဲ့ထဲမှာ Justice for Myanmar (JFM)၊ သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ Blood Money Campaign နဲ့ ကျောင်းသားသမဂ္ဂအဖွဲ့တွေ အပါအဝင် အဖွဲ့ အစည်း ၃၁၁ ဖွဲ့ ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။