မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုခရီးစဉ် ပြီးမြောက်အောင်မြင်ဖို့ လက်ရှိအခြေခံဥပဒေက အတား အဆီးဖြစ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောဆိုခဲ့ပါတယ်။
တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးလာရောက်ခဲ့တဲ့ ဂျွန်ကယ်ရီနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံအပြီး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်ရှိပေါ်ပေါက်နေတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အင်တိုက် အားတိုက် ထောက်ခံနေကြောင်း၊ မြန်မာအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့အရေးယူ မှုတွေ ပြန်လည်ရုပ်သိမ်းရေးအတွက် အဓိကအချက်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် အပြည့် အဝရောက်ရှိရေးအပေါ်မှာ မူတည်နေကြောင်း ပြောဆိုပါတယ်။
ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီရေးမှာ လက်ရှိအခြေခံဥပဒေက အတားအဆီးဖြစ်နေတယ်လို့ ဂျွန်ကယ်ရီက ပြော ပါတယ်။
မြန်မာအစိုးရသစ်ဟာ လွတ်လပ်တဲ့ ဈေးကွက်၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးအခြေအနေ စတာတွေ အရှိန်အဟုန် ပိုမိုအားကောင်းလာအောင် ကြိုးပမ်းနေပေမဲ့ ဒီခရီးစဉ်ပြီးမြောက်အောင်မြင်ရေးမှာ လက်ရှိ အခြေခံဥပဒေက အတားအဆီးဖြစ်နေပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးဟာ သိပ်ကိုခက်ခဲနေပါတယ်၊ အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့တွင်း အာဏာခွဲဝေရေး၊ လူနည်းစုအခွင့်အရေးတွေကို အကာအကွယ် ပေးရေးနဲ့ အားလုံးပါဝင်နိုင်ရေး စတာတွေလိုအပ်ပါတယ်လို့ ဂျွန်ကယ်ရီ က ပြောဆိုပါတယ်။
ဒါ့ပြင် အဲ့ဒီကိစ္စတွေကို မြန်မာနိုင်ငံကနေ ပြန်လည်မထွက်ခွာခင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့ကြောင်းလည်း ရိုက်တာသတင်းကို ပြောဆိုခဲ့ပါတယ်။
ဂျွန်ကယ်ရီ ဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို ဆက်လက်ထွက်ခွာ သွားခဲ့ပါတယ်။