အဖမ်းခံထားရတဲ့ သတင်းထောက် အားလုံးလွှတ်ဖို့ CPJ တောင်းဆို

RFA Burmese
2023.05.30
အဖမ်းခံထားရတဲ့ သတင်းထောက် အားလုံးလွှတ်ဖို့ CPJ တောင်းဆို ထောင်ဒဏ် ငါးနှစ်ချခံထားရတဲ့ သင်္ဃန်းကျွန်းပို့စ် သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဝေလင်းယုနှင့် တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့အား တွေ့ရစဉ်။
Citizen Journalist

သတင်းထောက်တွေကို ဖမ်းဆီးထောင်ချနေတာ ရပ်တန့်ပြီး အဖမ်းခံထားရတဲ့ သတင်းထောက် အားလုံးကို ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်ခံလိုက်ရတဲ့ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ မေ ၃ဝ ရက်နေ့က ကြေညာချက်ထုတ်ပြန်တောင်းဆိုရာမှာ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးဖို့ CPJ က ထည့်သွင်းတောင်းဆိုလိုက်တာပါ။

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအပေါ် စွဲဆိုထားချက်တွေကို ချက်ချင်းရုပ်သိမ်းရမယ့်အပြင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်ဖို့အတွက် စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ စွဲချက်တင်ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးသင့်တယ်လို့ CPJ ရဲ့ အရှေ့တောင်အာရှရေးရာ အကြီးတန်းကိုယ်စားလှယ် Shawn Crispin က ပြောလိုက်ပါတယ်။

၂ဝ၂၂ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က ကောက်ယူထားတဲ့စာရင်းအရ မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် သတင်းထောက် ၄၂ ယောက် ထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ CPJ က ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ တတိယ အဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့လည်း ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ သတင်းထောက် ၁၅၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁ဝဝ ကျော် ပြန်လွတ်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲက ဓာတ်ပုံသတင်းထောက် ကိုစိုးနိုင်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။