မြန်မာသတင်းသမားတွေ ဖိနှိပ်ခံရမှုအပေါ် ကူညီပေးဖို့ နိုင်ငံတကာကို NUG တိုက်တွန်း
2024.11.02
စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာနဲ့ သတင်းလွတ်လပ်ခွင့်ကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်နေတာတွေကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုပြီး ကူညီပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
အသက်ကို ပဓာနမထားဘဲ သတင်းတွေကို ဖော်ပြပေးနေတဲ့ သတင်းသမားတွေကို NUG အနေနဲ့ ထောက်ခံ ပံ့ပိုးပေးသွားမယ်လို့ နိုဝင်ဘာလ ၂ ရက်နေ့ ဒီနေ့မှာ ကျရောက်တဲ့ သတင်းသမားများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ ပြောလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမား ခုနစ်ဦး သတ်ဖြတ်ခံထားရပြီး ၁၅၀ ထက်မနည်း ဖမ်းဆီးခံရတာ၊ ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိခဲ့တယ်လို့ ထောက်ပြပါတယ်။
သတင်းသမားတွေ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရပြီး သတ်ဖြတ်ခံရတာတွေကို နိုင်ငံတကာ သိအောင်လုပ်ဖို့ လိုအပ်တယ်လို့ မဲခေါင်သတင်းဌာန တာဝန်ခံအယ်ဒီတာ ကိုဉာဏ်လင်းထက်က ပြောပါတယ်။
“ဒီဟာတွေ အကုန်လုံးကို ကျွန်တော်တို့က မှတ်တမ်းတင်ထားမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ သိအောင် လုပ်မယ်ပေါ့လေနော်။ ထိထိရောက်ရောက် နောင်တစ်ချိန်မှာ အရေးယူနိုင်အောင် မှတ်တမ်းတွေ ပြင်ဆင်ထားမယ်။ ဒီလိုမျိုးပဲလုပ်လို့ ရလိမ့်မယ် ထင်ပါတယ်”
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့အထိ သတင်းသမား (၆၄) ဦးထက်မနည်း ထိန်းသိမ်းခံထား ရဆဲဖြစ်ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေတယ်လို့ NUG က ပြောပါတယ်။
စစ်ကောင်စီဘက်က သတင်းသမားတွေကို ဖိနှိပ်ပြီး အမှန်တရားကို ဖုံးကွယ်တာ၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ကန့်သတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
NUG ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မြန်မာပြည်မှာ အာဏာရှင်ခေတ်အဆက်ဆက် သတင်းမီဒီယာဟာ ပစ်မှတ်ထားဖိနှိပ်ခံနေရပေမဲ့ သတင်းသမားတွေဟာ အဖြစ်မှန်တွေကို ဖော်ထုတ်ရေးသားနေကြတဲ့အတွက် ဂုဏ်ပြုတယ်လို့လည်း NUG က ဆိုပါတယ်။
NUG အနေနဲ့ သတင်းလွတ်လပ်ခွင့်ကို အသိမှတ်ပြုသလို သတင်းသမားတွေအနေနဲ့ ကြောက်ရွံ့တာမရှိဘဲ အလုပ်လုပ်နိုင်တဲ့ အခြေအနေကို ဖော်ဆောင်နိုင်ဖို့ အမြဲအလေးထားတယ်လို့ ပြောပါတယ်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) ရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲမှာ သတင်းလွတ်လပ်ခွင့်မရှိတဲ့ ၁၇၁ အဆင့် သတ်မှတ်ခံထားရပြီး အန္တရာယ်အများဆုံး အဆင့်မှာ ရှိနေပါတယ်။