တရားမမှုတွေကို စေ့စပ်ဖြေရှင်းတဲ့ နည်းလမ်းကျင့်သုံးမည်


2018.11.09
judicial-622.JPG JICA နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်က Park Royal ဟိုတယ်မှာ ၂၀၁၈ နိုဝင်ဘာလ ၉ ရက်နေ့ကပြုလုပ်စဉ်
Photo: Win Ko Ko Latt/RFA

တရားမမှုတွေအတွက် တရားမစွဲခင် တရားရုံးက ဦးဆောင်တဲ့ စေ့စပ်ဖြေရှင်းရေးစနစ်ကို လာမယ့် ၂၀၁၉ ခုနှစ်မှာ စတင်ကျင့်သုံးမယ်လို့ ပြည်ထောင်စု တရားစီရင်ရေးကြီးကြပ်ရေးမှူးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

နေပြည်တော်က Park Royal ဟိုတယ်မှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA နဲ့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ ပူးပေါင်းဆောင်ရွက်တဲ့ အလုပ်ရုံဆွေးနွေးပွဲ နားချိန်မှာပြောတာပါ။

စေ့စပ်ညှိနှိုင်းပေးတဲ့ နည်းလမ်းကို လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာ တရားရုံးတွေမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး မြို့နယ် နှစ်မြို့နယ်မှာ ရှေ့ပြေးစတင်လုပ်ဆောင်မှာဖြစ်ပေမယ့် ဘယ်မြို့နယ်တွေဆိုတာ မသတ်မှတ်ရသေးဘူးလို့ ပြောပါတယ်။

ဒီလိုဆောင်ရွက်တဲ့အတွက် အမှုသည်တွေကိုယ်တိုင် ရှေ့နေရှေ့ရပ်မလိုပဲ ကိုယ်တိုင်အဖြေထုတ်နိုင်တာ၊ တရားရုံးအနေနဲ့လည်း မှုခင်းတွေမြန်မြန်ဆန်ဆန်ပြီးတာ၊ အမှုတွေနည်းသွားတဲ့အတွက် ကြန့်ကြာတဲ့အမှုတွေ နည်းသွားမယ်လို့ ပြောပါတယ်။

ဒီကနေ့ နေပြည်တော် Park Royal ဟိုတယ်မှာကျင်းပတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနဲ့ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ ပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက အခုလိုပြောကြားခဲ့ပါတယ်။

"ကျမတို့ အမျိုးအစားနှစ်မျိုးခွဲထားပါတယ်၊ မဖြစ်မနေပေါ့နော်၊ စေ့စပ်ညှိနှိုင်းဖို့ သတ်မှတ်ထားတဲ့ အမှုတွေ ကတော့ ကူးသန်းရောင်းဝယ်ရေးမှုခင်းပါ၊ မိသားစုမှုခင်းပါ၊ နောက်တခါ ငွေရေးကြေးရေးဆိုင်ရာမှုခင်းပါ၊ ဒီ ၃ မျိုးကတော့ စေ့စပ်ဖြေရှင်းဖို့ Compulsory အမှုအမျိုးအစားထဲ သတ်မှတ်ပါတယ်၊ ကျန်တဲ့အမှုတွေက ဘယ်အမျိုး အစားမဆို နှစ်ဖက်အမှုသည်က သူတို့စေ့စပ်ဖြေရှင်းချင်တယ်ဆိုရင် ဖြေရှင်းလို့ရတဲ့ အစီအစဉ်ပါရှင့်’’

တရားမအမှုတွေထဲမှာ မဖြစ်မနေ စေ့စပ်ညှိနှိုင်းဖို့ရမယ့်အမှုမျိုးနဲ့ နှစ်ဖက်အမှုသည်က အချင်းချင်းစေ့စပ်ညှိနှိုင်းတဲ့ အမှုဆိုပြီး သတ်မှတ်ထားတယ်လို့လည်း ပြောပါတယ်။

အဲဒီအမှုတွေကို လာမယ့် ၂၀၁၉ ခုနှစ်ကစပြီး တရားရုံးတွေမှာ စတင်ကျင့်သုံးမှာဖြစ်ပြီး ကနဦးအနေနဲ့ မြို့နယ် ၂ ခုမှာ ရှေ့ပြေးအနေနဲ့ စတင်မယ်လို့ ဒေါ်တင်နွယ်စိုးက ပြောပါတယ်။

အခုလို အစီအစဉ်မျိုးကို တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလို သုံးသပ်ပါတယ်။

‘’သူတို့ပြောတာက တရားမမှုတွေနဲ့ ပတ်သက်ရင် တရားလို တရားပြိုင် အငြင်းပွားနေကြတဲ့သူတွေကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမယ်၊ သို့သော် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးမယ့်ပုဂ္ဂိုလ်တွေက သမာသမတ် ကျတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုမယ်၊ အဲဒီစနစ်ကို ကျနော်က ကြိုဆိုတယ်၊ အဲဒါကို ညှိနှိုင်းဖြန်ဖြေပေးမယ့်ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းက လိုသေးတယ်၊ ညှိနှိုင်းဖြန်ဖြေပေးမယ့်ပုဂ္ဂိုလ်တွေ ဘယ်ပုဂ္ဂိုလ်တွေလို့ ကျနော်မဆိုလိုဘူး၊ ပညာဉာဏ်အမျှော်မြင်ရယ်၊ သူတို့ရဲ့နာမည်ဂုဏ်သတင်းအစစ်အမှန်ကို လွှတ်တော်ကကြားနာပြီးမှသာ လုပ်သင့်တယ်၊ တရားရုံးက ခုထိတော့ ညှိနှိုင်းဖြန်ဖြေပေးတာတော့ မရှိသေးဘူး’’

နိုင်ငံတကာမှာလည်း အခုလို တရားရုံးကဦးဆောင်တဲ့စနစ်မျိုးကို ကျင့်သုံးနေတာဖြစ်ပြီး အခုလက်ရှိ မြန်မာနိုင်ငံ မှာတော့ တရားရုံးကနေ ညှိနှိုင်းဖြေရှင်းပေးတာမျိုး မရှိသေးပါဘူး။

တရားလို တရားပြိုင်ဖက်က သက်သေတွေကိုစစ်ဆေးပြီး သက်၏သေထွက်ဆိုချက်တွေကို သုံးသပ်ပြီးတော့မှသာ ဆုံးဖြတ်တဲ့စနစ်မျိုးကို လက်ရှိမှာကျင့်သုံးနေတာလို့ ဦးရောဘတ်စန်းအောင်က ပြောပါ တယ်။

အခုလိုလုပ်ဆောင်မှာဖြစ်တဲ့အတွက် အမှုသည်တွေကိုယ်တိုင် ရှေ့နေမလိုတော့ဘဲ ကိုယ်တိုင်အဖြေထုတ်နိုင်တာ၊ တရားရုံးမှာလည်း မှုခင်းတွေမြန်မြန်ဆန်ဆန်ပြီးမြောက်တာ၊ အမှုတွေနည်းသွားတဲ့အတွက် ကြန့်ကြာတဲ့ အမှုတွေလည်း နည်းပါးသွားမယ်လို့ စတဲ့အကျိုးဆက်အခြေအနေတွေ ရရှိလာနိုင်မယ်လို့ သိရတယ်ခင်ဗျာ။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ်နဲ့ ကိုကျော်သူ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။