ယူကရိန်းစစ်ပွဲမှာ ပစ်ချခံရတဲ့ ရုရှားဒရုန်း မြန်မာစစ်တပ် ဝယ်ယူ

ပြည်ပရန်ကို ကာကွယ်ဖို့မလိုဘဲ PDF ပြည့်သူကာကွယ်ရေးအဖွဲ့တွေကို ချေမှုန်းရင်း ရွာတွေပါ မီးတင်ရှို့တဲ့ စစ်ကောင်စီဟာ Orlan-10 E မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်ဒရုန်းကို ရုရှားနိုင်ငံကနေ ဝယ်ယူတဲ့ ဖောက်သည်ဖြစ်ပါတယ်။

မနှစ်က စစ်အာဏာမသိမ်းခင် ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နေပြည်တော်ကို ဇန်နဝါရီက ရောက်ခဲ့ချိန်မှာ ဒီ Orlan-10 E နဲ့ ရေပြင်မြေပြင်ကနေ ဝေဟင်ပစ်နိုင်တဲ့ Pantsir-S1 ဒုံးကျည်စနစ် ရောင်းချဖို့လက်မှတ်ရေးထိုးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး ရက်ပိုင်းလေးတင် ၂၀၂၁ ဖေဖော်ဝါရီ ၁၉ မှာ ကမ္ဘာ့စစ်ရေး စစ်ရာတွေ တင်ပြနေတဲ့ Alert Defense Youtube က ရုရှားက မြန်မာစစ်တပ်ကို Orlan-10 ရောင်းချဖို့ စာချုပ်လိုက်ပြီလို့ ကြေညာပါတယ်။

“ လေကြောင်းကာကွယ်ရေး အားဖြည့်နိုင်အောင် ရုရှားက Orlan-10 E ဒရုန်းတွေ မြန်မာကိုပေးပို့ဖို့ ပထမဆုံးစာချုပ် ချုပ်ဆိုလိုက်ပါတယ်”

ရုရှားက နှစ်ပေါင်းများစွာ သည်းကြီးမည်းကြီး ဈေးကွက်ရှာနေတဲ့ ဒရုန်းလို့လည်း ပြောပါတယ်။ Orlan-10 E ဒရုန်းတစ်စင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၇၀၀၀ က ၁၂၀၀၀၀ ထိရှိပါတယ်။

“ Orlan-10 ဟာ UAV မောင်းသူမဲ့ ဒရုန်းဖြစ်ပြီး ရုရှား စစ်တပ်အတွက် Saint Petersburg မှာရှိတဲ့ STC- Special Technology အထူးနည်းပညာဌာနက ထုတ်လုပ်ပါတယ်။ ထောက်လှမ်းရေးအတွက် တစ်ခါလွှတ်ရင် ဒရုန်း နှစ်စင်း ဒါမှမဟုတ် သုံးစင်း အသုတ်လိုက်လွှတ်ပါတယ်။ ပထမတစ်စင်းက အမြင့် တစ်ကီလိုမီတာက တစ်ကီလို မီတာခွဲနဲ့ ညီမျှတဲ့ အမြင့်ပေ ၃၂၀၀ ကျော်ကနေ ၄၉၀၀ ကျော်က ပျံသန်းပြီး ထောက်လှမ်းဖို့ သုံးပါတယ်။ ဒုတိယတစ်စင်းကတော့ အီလစ်ထရွန်နစ်စနစ်နဲ့တိုက်ခိုက်ဖို့ ဖြစ်ပြီး တတိယတစ်စင်းက ထောက်လှမ်းရေး အချက်အလက်တွေကို ထိန်းချုပ်ရေးဌာနကို ပေးပို့ဖို့ဖြစ်ပါတယ်”

ရုရှားဟာ ပုံစံကွဲ ၁၁ မျိုးနဲ့ Orlan-10 စင်းရေတစ်ထောင်ကျော် ထုတ်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။

လေကြောင်းထောက်လှမ်းရေး၊ အကဲခတ်စောင့်ကြည့်ရေး၊ တိုက်ခိုက်ရေးသင်တန်း၊ ရေဒီယိုအချက်ပြတွေကို ကြားကဖျက်ရေး၊ သွားရခက်တဲ့ မြေပြင်အနေအထားတွေကို ခြေရာကောက်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ Orlan-10 ကို ထုတ်လုပ်တာလို့ ပြောပါတယ်။

ပြည်ပကို ရောင်းမယ့် ပုံစံထုတ်ထားတဲ့ Orlan-10 E ကို ၂၀၁၆ ခုနှစ် မတ်မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် နိုင်ငံတကာ လေကြောင်းနဲ့ အာကာသပြပွဲမှာ ခင်းကျင်းပြသပြီး ဇွန်လမှာတော့ ပြည်ပနိုင်ငံတွေကို ရောင်းချမယ်လို့ ရုရှား အစိုးရပိုင် ကာကွယ်ရေးပစ္စည်း ပြည်ပတင်ပို့တဲ့ Rosoboronexport က ကြေညာပါတယ်။

ထောက်လှမ်းရေးအတွက် ရည်ရွယ်ထုတ်လုပ်တာမို့ အမြင့် သုံးမိုင်ခွဲကျော်ကနေ ထောက်လှမ်းနိုင်ပြီး တစ်နာရီ မိုင် ၇၀ နှုန်းနဲ့ ၁၈ နာရီပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

မိုင် ၉၀ အကွာ ပတ်လည်ကနေ ဒရုန်းကို ထိန်းချုပ်နိုင်တယ်လို့ ဝါရှင်တန်ဒီစီမှာ အခြေစိုက်ပြီး အမေရိကားနဲ့ ကမ္ဘာတစ်လွှားက ကာကွယ်ရေးသတင်းတွေ ဖော်ပြတဲ့ The Defense Post မှ ာပါရှိပါတယ်။

ဒရုန်းက အလျား ၆ ပေ၊ တောင်ပံက ၁၀ ပေ၊ ဝန်က ၁၀ ပေါင်နဲ့ အလေးချိန် ပေါင် ၄၀ ထိ ဝန်တင်ဆောင်နိုင်ပါတယ်။

လက်နက်ရှိတဲ့နေရာ အတိအကျကို လေဆာနဲ့ အာရုံခံနိုင်ရုံမက သုံးဘက်မြင် မြင်ကွင်းကြည့်နိုင်တဲ့ ကိရိယာတွေတင်ဆောင်နိုင်အောင် ပုံစံထုတ်လုပ်ထားတာလို့ ပြောပါတယ်။

Orlan-10E ကို ရုရှားစစ်တပ်မှာ ၂၀၁၀ ခုနှစ်ကစလို့ ဖြန့်ချထားပြီး ရုရှားကကျူးကျော်စစ်ဆင်နွှဲတဲ့ ယူကရိန်း စစ်ပွဲမှာ ဒီဘက်စုံ အဆင့်မြင့်နည်းပညာသုံး ဒရုန်းတွေနဲ့ တိုက်ခိုက်ပါတယ်။

ကျူးကျော်စစ် စတင်တဲ့ ၂၀၂၂ ဖေဖော်ဝါရီကနေ မေ သုံးလအတွင်း ယူကရိန်း ခုခံစစ်ဆင်နွှဲသူတွေ ပစ်ချလို့ ဒရုန်း အစင်း ၅၀ ပျက်ကျသွားပြီလို့ The Defense Post မှာပါရှိပါတယ်။

မြန်မာစစ်ကောင်စီဟာ ယူကရိန်းမှာ ပစ်ချခံရတဲ့ ဒီ Orlan-10 E ဒရုန်းကို သုံးဖို့ရည်ရွယ်ထားပြီး အစ္စရေးနိုင်ငံလုပ် Elbit Skylark ဘီလုံးငှက် မောင်းသူမဲ့လေယာဉ်ကို သုံးနေတယ်လို့ နိုင်ငံတကာက စစ်လက်နက်ပစ္စည်းတွေကို သုတေသနလုပ်တဲ့ Military wiki က ဖော်ပြပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကြိမ်သာရွာမှာ အဲဒီ အစ္စရေးလုပ် စစ်ဘက်သုံး ဒရုန်းကို ရက္ခိုင့်တပ်တော် (AA) က ၂၀၂၀ ဇွန် ၂၄ ရက်က သိမ်းဆည်းမိပြီး ဒရုန်းကိုလာရှာတဲ့ ခြေမြန်တပ်ရင်း ၅၃၆ တပ်ဖွဲ့ဝင်တွေရဲ့သားသုံးယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း နောက်တစ်ရက်မှာ AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရင်က နယ်မြေတည်ငြိမ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ စစ်အာဏာမသိမ်းခင်ကပဲ ပဋိပက္ခရှိနေပြီး စစ်အာဏာသိမ်းလိုက်လို့ အရင်က မရှိခဲ့ဖူးတဲ့ PDF တွေ နိုင်ငံအနှံ့ပေါ်ပေါက်လာပါတယ်။

ဒါတင်မက အရင်က နယ်မြေအေးချမ်းခဲ့တဲ့ဒေသတွေ မတည်မငြိမ်ဖြစ်ရပါတယ်။ လက်နက်တစ်ခါမှ မကိုင်ဖူးသူတွေလည်း လက်နက်ကိုင်လာကြပြီး တူမီးလို လက်လုပ်သေနတ်တွေနဲ့ စတင်ခုခံတော်လှန်တိုက်ခိုက်ရာက ရုရှားလုပ်ခေတ်မီ Orlan-10 E ကို အန်တုလို့ ကိုယ်ပိုင်လုပ် ဒရုန်းတွေတီထွင်တဲ့အဆင့် ရောက်လာပါတယ်။