စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ NUG နဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေပြော

RFA Burmese
2024.11.30
စစ်ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့ NUG နဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေပြော ၂ဝ၁၈ ခုနှစ် မတ်လ ၂၇ ရက်နေ့က ရန်ကုန်တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနား တက်ရောက်လာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
AFP

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့ လျှောက်ထားချက်ကို ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့က နိုဝင်ဘာလ ၃၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒါဟာ မြန်မာ့တပ်မတော်သမိုင်းမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံးတစ်ခုရဲ့ ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံး လျှောက်ထားခံရတာဖြစ်ပြီး မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ် တရားရေးစနစ်နဲ့ နိုင်ငံရေးစနစ်ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်နေတာကို ပြသလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်တရားခံအဖြစ် ဖမ်းဝရမ်းထုတ်ခံရမယ့် စစ်ခေါင်းဆောင် ဦးစီးကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုနည်းနဲ့မှ တရားဝင်မှာမဟုတ်ဘဲ စစ်တပ်အတွက်သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝဖြစ်လာမှာ မဟုတ်ဘူးလို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီအဖွဲ့တွေအနေနဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် တရားခံကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေးနဲ့ မြန်မာပြည်သူတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာဥပဒေတွေနဲ့ အညီ ICC၊ ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးမှတစ်ဆင့် အရေးယူနိုင်ရေးတွေကို အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

စောမောင်မောင်
2024-12-03 13:45

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အမြန်ဆုံးဖမ်းပေးပါ