စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ကြောင်း IEC ထုတ်ပြန်
2024.10.01
Updated 9:01 PM Oct 2, 2024
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ကယားပြည်နယ် (ကရင်နီပြည်နယ်) အတွင်း ကျောင်းသူ၊ ကျောင်းသား ၁၃ ဦးနဲ့ ပညာရေးဝန်ထမ်း ငါးဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ပညာရေးဝန်ထမ်းတွေ ထိခိုက်သေဆုံးခဲ့တာလို့ IEC ပညာရေးဌာနရဲ့ တစ်နှစ်ပြည့်အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားတာပါ။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်း ခြောက်ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးထောင်ချထားတယ်လို့ IEC က ပြောပါတယ်။
စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် လုံခြုံရေးအခက်အခဲကြောင့် လက်လှမ်းမမီတဲ့နေရာတွေက အတည်မပြုနိုင်တာတွေ ရှိနေကြောင်း IEC ပညာရေးဌာနရဲ့ ဌာနမှူး မော်မီမာက ပြောပါတယ်။
"အဓိကတော့ လွိုင်ကော်ဘက်က နေရာတွေကတော့ အတည်မပြုနိုင်သေးတာရှိတယ်၊ "၁၁၁၁ စစ်ဆင်ရေး" မှာ ထိခိုက်ပျက်စီးတာတွေလည်းရှိတယ်"
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
IEC ပညာရေးဌာနရဲ့ အခြေခံပညာအဆင့်မှာ CDM ဆရာ၊ ဆရာမ တစ်ထောင့်သုံးရာနီးပါး (၁,၂၇၆ ဦး)၊ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ သုံးထောင်ကျော် (၃,၀၇၇ ဦး) တာဝန်ထမ်းဆောင်နေပြီး အဆင့်မြင့်နဲ့ သက်မွေးဆိုင်ရာ အဆင့်မှာ ဆရာ၊ ဆရာမ ၈၃ ဦး တာဝန်ထမ်းဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကယားပြည်နယ်အတွင်း မြို့နယ်ခြောက်ခုမှာ စာသင်ကျောင်း ၃၆၁ ကျောင်းဖွင့်ထားပြီး ကျောင်းသူ၊ ကျောင်းသား ငါးသောင်းခွဲနီးပါး (၅၄,၉၉၃ ဦး) ကို ပညာသင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု အကာကွယ်ပေးရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (GCPEA) က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ၇ ရက်နေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ၂ဝ၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရတဲ့ အဆိုးဆုံး နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
(မှတ်ချက် - ဤသတင်းတွင် IEC ပညာရေးဌာနရဲ့ ဌာနမှူး မော်မီမာ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)