စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ CRPH ပြော

RFA Burmese
2025.02.05
စစ်ကောင်စီကျင်းပမဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ဖို့ CRPH ပြော အီလက်ထရွန်နစ် မဲပေးစနစ်အသုံးပြုပုံနှင့် စက်ပိုင်းဆိုင်ရာများကို ကြည့်ရှုနေသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က တွေ့ရစဉ်။
Myanmar Military

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ရေးဆောင်ရွက်ဖို့အပါအဝင် မဟာဗျူဟာ ငါးချက်ကို ၂၀၂၅ ခုနှစ်အတွင်း ချမှတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က အစီရင်ခံစာတင်သွင်းရာမှာ ၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်မဲ့ မဟာဗျူဟာ ငါးရပ်ကို ထည့်သွင်းတင်ပြခဲ့တာပါ။ ရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ တိုက်ဖျက်သွားမယ်ဆိုတာကိုတော့ တိတိကျကျထည့်သွင်း တင်ပြထားတာမရှိပါဘူး။

CRPH က တင်ပြတဲ့ မဟာဗျူဟာငါးရပ်ထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြုဖို့နဲ့ စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်ရေးဆောင်ရွက်ဖို့အပါအဝင် နိုင်ငံတကာကလွှတ်တော်အသိုက်အဝန်းနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဖို့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် လွှတ်တော်လုပ်ငန်းတွေ၊ ကော်မတီတွေရဲ့လုပ်ငန်းတွေ ဆောင်ရွက်တာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အပါအဝင် အချင်းချင်းအကြား ဆက်ဆံရေးနှင့်မဟာမိတ်ဆက်ဆံရေးတည်ဆောက်ရေးနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်တာ တိုးမြှင့်လုပ်ဆောင်သွားရေးအပြင် အသွင်ကူးပြောင်းရေးအတွက် လုပ်ငန်းစဉ်တွေကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီစံချိန်စံနှုန်းနဲ့ အုပ်ချုပ်တဲ့စနစ်ဖြစ်နိုင်ဖို့ ကြိုးပမ်းကြဖို့ ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။

"လက်ရှိ တော်လှန်ရေးအရှိန် အမြင့်ဆုံးကာလမှာ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးတွေအနေနဲ့ ပြည်သူကို ဆက်လက်ထိတွေ့ပြီး ပြည်သူ့ဆန္ဒကို တိတိကျကျ ရှင်းရှင်းလင်းလင်းသိရှိပြီး တော်လှန်ရေးရဲ့ ဖြစ်တည်တိုးတက်မှုတွေဟာ ပြည်သူ့ဆန္ဒကနေ သွေဖယ်သွားတာမျိုး မဖြစ်စေရေး ဝိုင်းဝန်းကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုလည်း ဒီမိုကရေစီ စံချိန်စံနှုန်းများ၊ မူနဲ့အုပ်ချုပ်တဲ့ စနစ်တွေ ဖြစ်စေဖို့ အစွမ်းကုန် ကူညီထောက်ပံ့ပေးကြဖို့ လေးစားစွာ တိုက်တွန်းလိုပါတယ်"

တိုင်းရင်းသားပြည်သူတွေရဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ တရားဥပဒေစိုးမိုးမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ပြည့်ဝတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ကြိုးစားတည်ဆောက်သွားမှာ ဖြစ်တယ်လို့ CRPH ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ဒါ့အပြင် CRPH အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုအသီးသီးနဲ့လည်း ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ ကျင်းပနေပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၁၉၁) ဦးတက်ရောက်ဆွေးနွေးနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။