ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ

RFA Burmese
2024.01.29
ကရင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရ စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီ တိုက်လေယာဉ်တချို့အား တွေ့ရစဉ်။
Myanmar Military

ကရင်ပြည်နယ်၊ မြ၀တီမြို့ အမှတ် (၃၅၅) ခြေမြန်တပ်ရင်းကိုလာတဲ့ ရဟတ်ယာဉ်တစ်စင်းကို ဇန်နဝါရီလ ၂၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ် တွေ ပစ်ခတ်ခဲ့တာကြောင့် ပျက်ကျသွားတယ်လို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို အတည်ပြုပြောပါတယ်။

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ Eurocopter - 365 အမျိုးအစား ရဟတ်ယာဉ်တို့ လာရောက်ခဲ့တာဖြစ်ပြီး Eurocopter ရဟတ်ယာဉ်ကတော့ ထိခိုက်ပျက်စီးသွားတာလို့ KNLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့ ၂ နာရီခွဲကျော်မှာ ရဟတ်ယာဉ်နှစ်စင်း လာတယ်။ ရဟတ်ယာဉ်တွေ ဆင်းတဲ့အချိန်မှာ ချိန်သားကိုက်ပြီး လက်နက်ကြီး၊ ဒုံးကျည်၊ ဒရုန်း၊ အမြောက်နဲ့ စုပြုံပစ်တာ Eurocopter က လုံး၀ပျက်စီးသွားတယ်။ Mi-35 က တော့ ရတခ ပြန်ဆင်းသွားတယ်။ Mi-35 ပြန်တဲ့အချိန်မှာလည်း အာရှလမ်းကနေ ပွိုင့်ဖိုက်နဲ့ ထပ်ပစ်သေးတယ် ထိ၊ မထိ မသိရဘူး”

ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ပေါ်မှာ အမှတ် (၄၄) တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းအောင် အပါအဝင် စစ်ကောင်စီ တပ်သားငါးဦး လိုက်ပါလာပေမယ့် သူတို့ရဲ့ သေဆုံးထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီအပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ လတ်တလော အဲဒီကိစ္စကို မသိရှိသေးကြောင်းသာ ဖြေဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူတွေရဲ့ အတည်ပြုချက်ရနိုင်ဖို့ (KNU) ပြောခွင့်ရသူတွေထံ RFA က ဆက်သွယ်မေးမြန်းထားပေးမယ့် အကြောင်းပြန်ဖြေဆိုခြင်းတော့ မရှိသေးပါဘူး။

ဇန်နဝါရီလ ၃ ရက်ကလည်း ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းထံ ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့တာကြောင့် ရဟတ်ယာဉ် ပျက်စီးခဲ့ပြီး ရဟတ်ပေါ်ပါလာတဲ့ စစ်ကောင်စီတပ်သားတွေပါ သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁၆ ရက်မှာလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကို (KIA) က ပစ်ချခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။