နိုင်ငံရေးအရတောင်းဆိုလိုတာကို တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ စစ်ခေါင်းဆောင်ထပ်ပြော
2024.12.22

နိုင်ငံရေးအရ တောင်းဆိုလိုတာတွေကို လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ရနိုင်မှာ မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့သာ ဖြေရှင်းရမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ရန်ကုန်တိုင်း ဗိုလ်တစ်ထောင်မြို့နယ်က စိန်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ ဒီဇင်ဘာ ၂၂ ရက်နေ့ကကျင်းပတဲ့ ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာပါ။
လူ့အဖွဲ့အစည်းအတွင်းမှာ ကြုံတွေ့လာရတဲ့ ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကသာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို အားလုံးက ဆန့်ကျင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ရခိုင်၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်က နေရာအတော်များများကို ဒီနှစ်ပိုင်းတွေအတွင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူထားပါတယ်။ တိုင်းရင်းသားအဖွဲ့တွေ သိမ်းယူထားတဲ့နေရာတွေထဲမှာ တိုင်းစစ်ဌာနချုပ်တချို့လည်း ပါဝင်ပါတယ်။
စစ်ကောင်စီကထိန်းချုပ်နယ်မြေတွေ လက်လွတ်ဆုံးရှုံးပြီးနောက်ပိုင်းမှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့နည်းနဲ့ ဆောင်ရွက်ဖို့ မကြာခဏဆိုသလို ပြောဆိုလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ကျရောက်တဲ့ အမျိုးသားနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းပါက လွတ်လပ်ပေမဲ့ မငြိမ်းချမ်းတဲ့အခြေအနေကို ပေါ်ပေါက်စေမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်က တွေ့ဆုံဆွေးနွေးဖို့ ပြောနေပေမဲ့ တစ်ဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ခြောက်ထောင်ကျော်ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။