စစ်ကောင်စီကို ရုရှား-အာဆီယံ ညှိနှိုင်းရေးမှူးအဖြစ် အာဆီယံခန့်အပ်မှု JFM ထောက်ပြ

ရုရှား-အာဆီယံ ညှိနှိုင်းရေးမှူးအဖြစ် စစ်ကောင်စီကို အာဆီယံက ခန့်အပ်လိုက်တာဟာ မြန်မာ့အရေး ပိုဆိုးရွားလာစေမယ်လို့ Justice For Myanmar အဖွဲ့က မတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံအဖွဲ့ ပြင်ပဆက်ဆံညှိနှိုင်းရေးမှူးတွေကို ဖော်ပြထားတဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ ရုရှား-အာဆီယံ ညှိနှိုင်းရေးမှူးတာဝန်ယူခဲ့တဲ့ ကမ္ဘောဒီးယားဆီကနေ ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် မြန်မာကို တာဝန်ပေးထားတဲ့အကြောင်း ဖော်ပြထားတာပါ။

ဒီလိုခန့်အပ်မှုဟာ မြန်မာ့အရေးဖြေရှင်းမယ့် အာဆီယံရဲ့ ကတိကဝတ် ပျက်ပြားစေသလို ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း ကျရှုံးစေမှာဖြစ်တယ်လို့ JFM က ဆိုလိုက်ပါတယ်။

အာဆီယံရဲ့ လုပ်ရပ်ဟာ စစ်ကောင်စီကို မြန်မာအစိုးရသဖွယ် အသိအမှတ်ပြုနေပြီး စစ်ကောင်စီကို နှစ်ရှည် လက်နက်ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့ ဆက်ဆံရေးပိုနက်ရှိုင်းစေဖို့ အားပေးရာ ရောက်နေတယ်လို့ JFM က ထောက်ပြပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ဆွေးနွေးဘက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ နယူးဇီလန် နိုင်ငံတွေက စစ်ကောင်စီကို ချမှတ်ထားတဲ့ အရေးယူမှုတွေနဲ့ ရုရှားနိုင်ငံအပေါ် စင်ကာပူ၊ ကိုရီးယား၊ ဂျပန်၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ အရေးယူမှုတွေကို ထိခိုက်ပျက်ပြားစေလိမ့်မယ်လို့ JFM က ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို အာဆီယံအဖွဲ့ကလည်း တုံ့ပြန်တာ မတွေ့ရသေးပါဘူး။

အာဆီယံဟာ စစ်ကောင်စီအတွက် ဒုတိယအကြီးဆုံး လက်နက်ထောက်ပံ့ပေးနေတဲ့ တရုတ်နိုင်ငံနဲ့ အာဆီယံ အကြား ၂၀၂၁-၂၀၂၄ ခုနှစ်အတွက် ညှိနှိုင်းရေးမှူးအဖြစ် စစ်ကောင်စီကို တာဝန်ယူစေခဲ့တယ်လို့လည်း JFM က ဆိုပါတယ်။

ဥရောပသမဂ္ဂ-အာဆီယံရဲ့ ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် ညှိနှိုင်းရေးမှူးအဖြစ် စစ်ကောင်စီကို အာဆီယံက သတ်မှတ်ထားတဲ့အပေါ် ဥရောပသမဂ္ဂ (EU) က ၂၀၂၃ ခုနှစ်အတွင်းမှာ ကန့်ကွက်ခဲ့ပြီး ဒီအတွက် ဘရူနိုင်းနိုင်ငံကို ပြောင်းလဲတာဝန်ပေးခဲ့ရပါတယ်။